Huawei Technologies မှ ဝန်ထမ်းတွေဟာ တရုတ်စစ်တပ်ရဲ့ သုတေသနလုပ်ငန်းတွေမှာ ဆယ်စုနှစ်ကျော် အလုပ်လုပ်နေတယ်လို့သတင်းထွက်နေပါတယ်။
Bloomberg သတင်းမှာ ဖော်ပြချက်အရ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ AI နဲ့ရေဒီယိုဆက်သွယ်ရေး သုတေသနပရောဂျက်တွေမှာ Huawei ဝန်ထမ်းတွေဟာ ပူးပေါင်းပါဝင်မှု ရှိတယ်လို့ဆိုပါတယ်။ Huawei အနေနဲ့ဒီကိစ္စကို မသိဘူးလို့ထုတ်ပြန်ထားပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နဲ့ဆက်စပ်တဲ့ အဖွဲ့အစည်းတွေနဲ့ဘယ်လို သုတေသနမှာမှ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘူးလို့Huawei ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဂျိုးကယ်လီက Reuters ကို ပြောပါတယ်။

Source: Business Insider
" Huawei ဟာ အရပ်ဖက်စံနှုန်းတွေနဲ့ကိုက်ညီမှု ရှိတဲ့ ဆက်သွယ်ရေးဆိုင်ရာ ထုတ်ကုန်ပစ္စည်းတွေကိုပဲ တစ်ကမ္ဘာလုံးကို ထုတ်လုပ်ဖြန့်ချိပါတယ်။ စစ်တပ်အတွက် ရည်ရွယ်ပြီး သုတေသနထုတ်ကုန်တွေ မထုတ်လုပ်ပါဘူး" လို့ကယ်လီက ဆိုပါတယ်။
Huawei ဝန်ထမ်းတစ်ချို့ဟာ တရုတ်စစ်တပ်ရဲ့ သုတေသနပရောဂျက် အနည်းဆုံး ၁၀ ခုမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကတည်းက အလုပ်လုပ်နေခဲ့တယ်လို့Bloomberg က ဖော်ပြထာပါတယ်။ အမေရိကန်အစိုးရဟာာ Huawei ထုတ် ဆက်သွယ်ရေးပစ္စည်းတွေမှာ တရုတ်အစိုးရအတွက် သူလျှို လုပ်ပေးဖို့back doors တွေ ထည့်ထားတယ်လို့သံသယရှိနေပါတယ်။
Huawei ကုမ္ပဏီကတော့ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေမှာ လုံခြုံရေး ခြိမ်းခြောက်မှု ဖြစ်စေမယ့် ပစ္စည်းအစိတ်အပိုင်းနဲ့နည်းပညာတွေ သုံးထားခြင်း မရှိကြောင်း အစဉ်တစိုက် ငြင်းဆိုထားပါတယ်။ လက်ရှိမှာ Huawei ဟာ အမေရိကန်ကုမ္ပဏီတွေနဲ့စီးပွားရေးဆက်ဆံမှု ပိတ်ပင်ခံထားရပြီး လက်ရှိမှာ ရက် ၉၀ ဖြေလျှော့မှုနဲ့အမေရိကန် ကုန်သွယ်ဌာနရဲ့ ယာယီအထွေထွေ လိုင်စင်အောက်မှာ အမေရိကန်ထုတ်ပစ္စည်းအစိတ်အပိုင်းတွေ ဝယ်ယူခွင့် ရထားပါတယ်။