Huawei ဟာ တရုတ်အစိုးရဆီက ရန်ပုံငွေ ရထားတယ်လို့CIA မှ စွပ်စွဲထားပါတယ်။
Huawei ဟာ တရုတ်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေး ကော်မရှင် ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နဲ့တရုတ်ထောက်လှမ်းရေးကွန်ရက် တတိယရုံးခွဲတစ်ခုဆီကနေ ငွေကြေး ရယူမှု ရှိတယ်လို့CIA ရဲ့ သတိပေးချက်ကို လက်ဆင့်ကမ်းတဲ့ ဗြိတိန်သတင်းပေးတစ်ယောက်ကို ကိုးကားပြီး The Times မှာ ဖော်ပြထားပါတယ်။ အမေရိကန်ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ဟာ ဒီသတင်းအချက်အလက်ကို Five Eyes ထောက်လှမ်းရေး ကွန်ရက်ဖြစ်တဲ့ ဗြိတိန် ၊ သြစတြေးလျ ၊ ကနေဒါနဲ့နယူးဇီလန်တို့ကိုလည်း ပို့ထားတယ်လို့ဒီသတင်းစာက ဆိုပါတယ်။

Photo: CNET
The Times သတင်းစာမှာ ဖော်ပြခဲ့တဲ့ CIA ရဲ့ ဒီစွပ်စွဲမှုကို Huawei ဘက်က ငြင်းပယ်ထားပါတယ်။ "Huawei အနေနဲ့ဘယ်ကမှန်းမသိတဲ့ သတင်းအရင်းအမြစ်တွေကနေ ထွက်လာတဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို မှတ်ချက်မချပါဘူး" လို့Huawei ကိုယ်စားလှယ်တစ်ဦးက The Times ကို ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး CIA နဲ့တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ဘက်မှ ချက်ချင်း မှတ်ချက်ပြုခြင်း မရှိသေးပါဘူး။
Huawei ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီး ဖြစ်ပြီး တရုတ်အစိုးရနဲ့ပတ်သက်မှု ရှိတယ်ဆိုတဲ့ သံသယတွေနဲ့အမေရိကန်ကုမ္ပဏီတွေမှာ Huawei ကွန်ရက်ပစ္စည်းကို ဝယ်ယူသုံးစွဲခွင့်ကို ၂၀၁၂ ခုနှစ်ကတည်းက ပိတ်ပင်ထားပါတယ်။ အမေရိကန်ရဲ့ ထိပ်တန်း ထောက်လှမ်းရေးအေဂျင်စီတွေ ဖြစ်တဲ့ CIA ၊ FBI ၊ NSA ၊ ဖက်ဒရယ် ဆက်သွယ်ရေးကော်မရှင်နဲ့အိမ်ဖြူတော် ထောက်လှမ်းရေး ကော်မတီတို့မှလည်း လုံခြုံရေးအရ Huawei ကို သံသယရှိထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ အမေရိကန်တရားရေးဌာနဟာ ဉာဏမူပိုင်ခွင့် ခိုးယူမှု ၊ အမေရိကန်မှ ဆန်ရှင်ပိတ်ထားတဲ့ အီရန်နဲ့တရားမဝင် စီးပွားရေး လုပ်မှုများ အပါအဝင် အမှုပေါင်း ၂၃ ခုနဲ့တရားစွဲထားပါတယ်။ Huawei ဘက်မှလည်း အမေရိကွန်ဂရက်လွှတ်တော်ကနေ Huawei ကို ပိတ်ပင်ထားမြစ်ထားတဲ့ NDAA ပုဒ်မ ၈၈၉ ကို တရားပြန်စွဲထားပါတယ်။