တရုတ်မှာ ကလေးတွေကို တစ်ပတ် ၃ နာရီပဲ အွန်လိုင်းဂိမ်းကစားဖို့ ကန့်သတ်

သောကြာ ၊ စနေ/တနင်္ဂနွေနဲ့ အများပြည်သူရုံးပိတ်ရက်တွေမှာပဲ ကစားရမှာပါ

အသက် ၁၈ နှစ်အောက် ဆယ်ကျော်သက်တွေနဲ့ ကလေးငယ်တွေရဲ့ အွန်လိုင်းဂိမ်းကစားမှုကို တစ်ပတ် ၃ နာရီပဲ ခွင့်ပြုတော့မယ်လို့ တရုတ်အမျိုးသား သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။ 

နည်းပညာကဏ္ဍဘက်မှာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်လာနေတဲ့ တရုတ်အစိုးရဟာ ကလေးငယ်တွေရဲ့ အွန်လိုင်းဂိမ်းကစားမှုကိုပါ စည်းကမ်းတင်းကြပ်လိုက်တာ ဖြစ်ပါတယ်။ အမျိုးသားသတင်းနှင့် ပြန်ကြားရေးဌာနရဲ့ သတိပေးချက်အရ စက်တင်ဘာ ၁ ရက်နေ့က စပြီး အသက် ၁၈ နှစ်အောက် ကလေးတွေဟာ သောကြာ ၊ စနေ/တနင်္ဂနွေနဲ့ အများပြည်သူ ရုံးပိတ်ရက်တွေမှာ ည ၈ နာရီကနေ ၉ နာရီအတွင်းပဲ ဂိမ်းကစားခွင့်ပြုမယ်လို့ ဆိုပါတယ်။ 

image


Photo: BBC

တစ်ပတ်မှာ သုံးနာရီကျော်ပဲ အွန်လိုင်းဂိမ်းကစားခွင့်ပေးမယ့် သဘောဖြစ်ပြီး ဒါဟာ အရင်က ချမှတ်ထားတဲ့ ဂိမ်းကစားချိန်သတ်မှတ်ချက်ထက် အများကြီး နည်းနေတာပါ။ ၂၀၁၉ ခုနှစ်က ထုတ်ပြန်တဲ့ အသက် ၁၈ နှစ်အောက် ကလေးများ ဂိမ်းကစားချိန်သတ်မှတ်ချက်မှာ တစ်ရက်ကို တစ်နာရီခွဲ (မိနစ် ၉၀) နဲ့ အများပြည်သူရုံးပိတ်ရက်တွေမှာ သုံးနာရီဂိမ်းကစားခွင့် ပေးမယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ 


တရုတ်အစိုးရရဲ့ ဂိမ်းကစားမှုအပေါ်ထုတ်ပြန်တဲ့ စည်းမျဉ်းသစ်ဟာ Tencent နဲ့ NetEase တို့လို နာမည်ကြီး Gaming ကုမ္ပဏီတွေပေါ် ထိခိုက်မှု ရှိလာမှာပါ။ စည်းမျဉ်းသစ်ထုတ်ပြန်ချက် မထွက်ခင် တနင်္လာနေ့မှာ နာမည်ကြီး တရုတ်ဂိမ်းကုမ္ပဏီ Tencent ရဲ့ စတော့ရှယ်ယာတန်ဖိုးဟာ ဟောင်ကောင်ဒေါ်လာ ၄၆၅.၈၀ နှုန်းနဲ့ ၀.၆% ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလမှာ အမြင့်ဆုံးရောက်ခဲ့တဲ့ ကုမ္ပဏီရဲ့ ဈေးကွက်ငွေရင်းတန်ဖိုးဒေါ်လာ ၅၇၃ ဘီလျံဟာ ဘီလျံ ၃၀၀ ကျော်အထိ ကျဆင်းသွားခဲ့တာပါ။ 


Photo: thehimalayantimes


အခုလို တရားဝင်ကန့်သတ်ချက် မထုတ်ပြန်ခင် တစ်လအလိုက တရုတ်နိုင်ငံပိုင် Economic Information Daily သတင်းမှာ ဆယ်ကျော်သက်များ အွန်လိုင်းဂိမ်းစွဲလမ်းမှု ဖြစ်နေကြပြီး ဒါဟာ ကလေးတွေအတွက် ဆိုးဝါးတဲ့သက်ရောက်မှု ဖြစ်နေတယ်ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါး ပါလာပြီးတဲ့နောက် တရုတ်ရဲ့ အကြီးဆုံး အွန်လိုင်းဂိမ်းကုမ္ပဏီတချို့ရဲ့ ရှယ်ယာတန်ဖိုး သိသိသာသာ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ 


Tencent ဟာ ပြီးခဲ့တဲ့ဇူလိုင်လထဲမှာ ကလေးတွေ ည ၁၀ နာရီကနေ မနက် ၈ နာရီအတွင်း အွန်လိုင်းဂိမ်းကစားမှုကို ဟန့်တားဖို့ မျက်နှာပြင်ဖတ်နည်းပညာစနစ် ဖြန့်ချိကြောင်း ကြေညာခဲ့ပါတယ်။ ဩဂုတ်လဆန်းပိုင်းမှာလည်း အသက်မပြည့်သေးတဲ့ ကလေးများ ဂိမ်းကစားမှုကို တစ်ရက် ၁ နာရီ ၊ အားလပ်ရက်တွေမှာ ၂ နာရီ ကစားချိန်ကန့်သတ်ဖို့ စီစဉ်ခဲ့သလို အသက် ၁၂ နှစ်အောက် ကလေးများ ဂိမ်းကစားရင်း ဝယ်ယူမှုတွေ ပိတ်ပင်မယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က