ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်တို့ တိုက်စစ်မှူး အူဘာမီးယန်းနဲ့ စာချုပ်ဖျက်သိမ်းပြီး အူဘာမီးယန်းက ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပါတယ်။ အူဘာမီးယန်းဟာ ဘာစီလိုနာကို ရောက်ရှိပြီးနောက် အာဆင်နယ်မှာ သူ့အတွက် တခုတည်းသော ပြဿနာက နည်းပြ အာတီတာနဲ့သာဖြစ်တယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။
အူဘာမီးယန်းဟာ ပြင်သစ်နိုင်ငံကို သွားရောက်ခဲ့ပြီးနောက် အသင်းနဲ့ ပူးပေါင်းချိန် နောက်ကျခဲ့တာကြောင့် အသင်းခေါင်းဆောင်လက်ပတ် ရုတ်သိမ်းခံခဲ့ရသလို တယောက်တည်းလေ့ကျင့်ခန်းဆင်းဖို့ ညွှန်ကြားခံခဲ့ရပါတယ်။ အဲ့ဒီမတိုင်ခင်တည်းက အာဆင်နယ်ပွဲတွေမှာ အပိုင်အခွင့်အရေးတွေလွဲချော်နေတာကြောင့် အူဘာမီးယန်းတယောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာတီတာရဲ့လုပ်ရပ်က တော်တော်လေးကို ပြင်းထန်တယ်လို့ အများစုကသုံးသပ်ကြပြီး အာတီတာကတော့ ခေါင်းမာမာနဲ့ပဲ အူဘာမီးယန်းကို ပစ်ပယ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း အူဘာမီးယန်းရဲ့ ပြောစကားအပေါ် အာတီတာက အခုလိုပဲ ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။
အာတီတာက “ကျနော် ဒီအသင်းကို နည်းပြအဖြစ် ပြန်ရောက်လာတည်းက အူဘာမီးယန်းရဲ့ စွမ်းဆောင်မှုတွေအတွက် ကျနော် တော်တော်လေး ကျေးဇူးတင်ရပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်မှာ ကျနော့်ကိုယ်ကျနော် ပြဿနာအဖြစ် မမြင်ပါဘူး။ ဖြေရှင်းနည်းတခုအဖြစ်ပဲ မြင်ပါတယ်”
“ကျနော်က ဖြေရှင်းပြီးသားပါ။ ဒါရာနှုန်းပြည့်သေချာပါတယ်။ ဘယ်သူတဦးတယောက်ရဲ့ မျက်လုံးကိုမဆို ကြည့်ပြီး ပြောနိုင်ပါတယ်။ ကျနော့်အနေနဲ့လည်း အမှားတွေ အများကြီးလုပ်ခဲ့မိမယ်ဆိုတာ သေချာတာပေါ့။ ဒါပေမယ့် အချိန်တိုင်းမှာ ကျနော်က အကောင်းဆုံးလုပ်ခဲ့ပြီး ဒါကလည်း ကျနော့်အတွက် မဟုတ်ခဲ့ပါဘူး”
“အသင်းအတွက်နဲ့ အသင်းမှာရှိတဲ့လူတိုင်းအတွက် လုပ်ခဲ့တာပါ။ အူဘာမီးယန်းက သူ့အမြင်ကို သူပြောတာပါ။ သူ့အမြင်က ဒီလိုရှိတယ်ဆိုတော့ ဒီလိုပြောတယ်၊ ခင်ဗျားအနေနဲ့လည်း ဒါကိ လေးစားမှုထားရမှာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ မနက်ဖြန်ညမှာတော့ ဝုလ်ဗ်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဥ်အဖြစ် ရင်ဆိုင်ကစားရမှာလည်းဖြစ်ပါတယ်။