ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ဒေါ်ထားကို အကန်တော့ခံအဘိုး၊အဘွား တစ်ယောက်အဖြစ် ပါဝင်ခွင့်မရသေးတဲ့အပေါ် ရဲလေးမ က ရင်ဖွင့်ပြောပြလာပါတယ်။ ဖြတ်လျှောက်အဖွဲ့ ဆိုတာကလည်း ဒေါ်ထားက စခဲ့တာပါတဲ့။

ဇာတ်ပို့သရုပ်ဆောင် ရဲလေးမ ကတော့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ သက်ကြီးအဘိုး၊အဘွားအဖြစ် ပါဝင်ခွင့်မရသေးတဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်သူ အမေ ဒေါ်ထားအတွက် စိတ်မကောင်းဖြစ်နေတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။
‘’ ဘယ်သူပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ ဇရာက အိုပြီဆိုရင် စိတ်ဓာတ် ကြံ့ခိုင်ဖို့ဟာ တော်တော်လေး ခဲယင်းသွားပါပြီ။ အရင်တုန်းက ဒေါ်ထားသည် အရမ်းလန်းဆန်းတက်ကြွနေတဲ့ သူတစ်ယောက်ဟာ အခုချိန်မှာ ကျန်းမာရေးကြောင့်သော်လည်းကောင်း၊ စီးပွားရေးကြောင့်သော်လည်းကောင်း စိတ်ဓာတ်ဆိုတာ ယိုင်နဲ့သွားတတ်တယ်။ အဲဒီအတွက် ကိုယ့်ရဲ့ ဆရာသမား အသက်ရှိနေတဲ့အချိန်အတွင်းမှာ သူ့ရဲ့ ဆန္ဒပြည့်ဝသွားအောင် အစ်ကိုတို့က စိတ်အစာကျွေးတဲ့ အနေနဲ့ ရုပ်ရှင်အစည်းအရုံးမှာ အကန်တော့မခံရပေမယ့် ဒေါ်ထားအဖွဲ့က လူတွေကတော့ ဒေါ်ထားကို ကန်တော့တယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၈ ရက်နေ့က ‘’ဒေါ်ထား’’ ကိုသွားရောက်ကန်တော့ကြရင်း ဖြေဆိုခဲ့တာပါ။
ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို အဓိက ဦးစီးလုပ်ဆောင်တဲ့ ရုပ်ရှင်အစည်းအရုံးကလည်း အမေ ဒေါ်ထားကို ကန်တော့ခံဖို့ မဖိတ်ကြားတဲ့ အကြောင်းအရင်းကိုလည်း မသိဘူးလို့ ရဲလေးမက ပြောပါတယ်
‘’သူက ကန်တော့ခံ မပါတော့ နှစ်တိုင်း ငါ့ကို ဘာလို့ မဖိတ်လဲ၊ ငါ့ကို ဘာလို့ မဖိတ်လဲပေါ့။ မဖိတ်ဘူးဆိုတာက အစ်ကိုတို့လည်း နားမလည်ဘူးပေါ့နော်။ ရုပ်ရှင်အစည်းအရုံးက လူကြီးတွေ ဘာအတွက် မဖိတ်တာလဲ၊ ဘာတွေ လိုအပ်လို့လဲ တော့ အစ်ကိုတို့ မသိဘူး။ အစ်ကိုတို့ရဲ့ ဖြတ်လျှောက်အဖွဲ့ကို စတင်ခဲ့တာ ဒေါ်ထားက စတင်ခဲ့တာပါ’’ လို့ သူကဆိုပါတယ်။
ရုပ်ရှင်နှစ်ဦးအစမှာကတည်းက ဇာတ်ပို့ဇာတ်ရံနဲ့အဖွဲ့ဆိုရင် ဒေါ်ထားအဖွဲ့ ဆိုပြီး ပရိသတ်တွေက သိရှိပြီးသားဖြစ်ပါတယ်။ ဒေါ်ထားကိုယ်တိုင်ကလည်း ကျန်းမာရေးအခြေအနေကြောင့် အနုပညာလောကနဲ့ အလှမ်းဝေးနေပြီလို့ ဆိုပါတယ်။
‘’ သူက လောက သားတွေနဲ့လည်း ဝေးနေတာ ကြာပြီ။ သူလည်း အကန်တော့ ခံချင်ရှာမှာပေါ့။ ဒါပေမယ့် အစ်ကိုတို့ဘက်မှာ လုပ်ပိုင်ခွင့်မရှိဘူးလေ။ စည်းမျဉ်း၊ စည်းဘောင်တွေရှိတော့လည်း ဘာကြောင့် အကန်တော့ မခံရတာလဲဆိုတာ အစ်ကိုတို့ မသိဘူး။ တာဝန်ရှိတဲ့သူတွေပဲ သိမှာပေါ့။ အဲဒီတော့ အစ်ကိုတို့ဘက်က မလုပ်ပေးနိုင်တဲ့ အကြောင်းအရာလေးတွေရှိလို့ အခုလို လုပ်ပေးနိုင်တာလေးကို လုပ်ပေးကြတာ’’ လို့လည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။
ရဲလေးမကိုတော့ ဒေါ်ထားအဖွဲ့က ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ စီးပွားရေးတစ်ခုအနေနဲ့ မုန့်ဟင်းခါးရောင်းနေတယ်လို့ သိရပါတယ်။