လူမှုကွန်ရက်တွေပေါ် နာမည်ကြီးခဲ့တဲ့ Zoom Meeting ခေါ်ပြီး ဝန်ထမ်းရာပေါင်းများစွာကို အလုပ်ဖြုတ်ခဲ့တဲ့ အမှုဆောင်အရာရှိချုပ် အနားပေးခံလိုက်ရတယ်လို့ ဆိုပါတယ်။
ဒစ်ဂျစ်တယ်အပေါင်ခံလုပ်ငန်းတစ်ခုဖြစ်တဲ့ Better.com ရဲ့ CEO ဗီရှယ် ဂါ့ချ်ကို ပြီးခဲ့တဲ့တစ်ပတ် Zoom Call နဲ့ ဝန်ထမ်း ၉၀၀ အလုပ်ဖြုတ်ကြောင်း တက်လာပြီးနောက် ချက်ချင်း ရာထူးက အနားပေးလိုက်တာ ဖြစ်တယ်လို့ The Verge သတင်းက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဂါ့ချ်ဟာ ကုမ္ပဏီဝန်ထမ်းပေါင်း ၉၀၀ ကို ချက်ချင်းအလုပ်က ဖြုတ်လိုက်ကြောင်း Zoom Meetings မှာ ပြောတဲ့ ဗွီဒီယိုဖိုင်ဟာ YouTube ၊ TikTok နဲ့ Facebook ပလက်ဖောင်းတွေပေါ်မှာ တက်လာခဲ့ပါတယ်။

Photo: India Today
ဒီလုပ်ရပ်အတွက် ကုမ္ပဏီညွှန်ကြားရေးမှူးဘုတ်အဖွဲ့ဟာ ဂါ့ချ်ကို ရာထူးမှ ချက်ချင်းအနားပေးလိုက်ပြီး သူ့နေရာမှာ နေ့စဉ်လုပ်ငန်းတာဝန်တွေ ဆောင်ရွက်ကိုင်တွယ်ဖို့ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် ကယ်ဗင် ရိုင်ယန်ကို ခန့်အပ်ထားလိုက်ကြောင်း ကြေညာပါတယ်။ ဝန်ထမ်းတွေကို ပေးပို့တဲ့ ဘုတ်အဖွဲ့ရဲ့ အီးမေးလ်ထဲမှာ "ခေါင်းဆောင်မှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ အကဲဖြတ်မှုတစ်ရပ် လုပ်ဆောင်နေစဉ် ဂါ့ချ်ကို အနားပေးထားမယ်" လို့ ဖော်ပြထားပြီး "ပြီးခဲ့တဲ့တစ်ပတ်ကျော်က အလွန်နောင်တရစရာဖြစ်ရပ်တွေ" လို့လည်း သုံးနှုန်းထားပါတယ်။
Better ကုမ္ပဏီကို ၂၀၁၂ မှာ ဂါ့ချ်က တည်ထောင်ခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နေ့မှာ သူဟာ ဝန်ထမ်းတွေကို မထီမဲ့မြင်ဆက်ဆံပြီး အလုပ်ဖြုတ်သွားတာပါ။ Zoom Call ထဲမှာ "မင်းတို့ အခုခေါ်ဆိုမှုထဲမှာ ရောက်နေရင် အလုပ်ဖြုတ်ခံရတဲ့ ကံမကောင်းတဲ့အုပ်စုထဲမှာ မင်းတို့ ပါနေပြီ" လို့ ပြောခဲ့တာပါ။ အရင့်အရင်ကလည်း ဒီလိုမျိုး အလုပ်ဖြုတ်တာတွေ လုပ်ခဲ့ပြီး အခုတကြိမ် ပိုပြတ်သားနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောသွားခဲ့ပါတယ်။
နောက်ပိုင်းမှာ ဂါ့ချ်ဟာ သူ့ရဲ့ လုပ်ရပ်အတွက် တောင်းပန်ကြောင်း ဝန်ထမ်းတွေကို မက်ဆေ့တစ်စောင်ပို့ခဲ့ပါတယ်။ "ဒီကိစ္စကြောင့် ထိခိုက်နစ်နာရသူ တစ်ဦးချင်းစီကို ထိုက်သင့်တဲ့ လေးစားမှုနဲ့ အသိအမှတ်ပြုချီးကျူးမှု ဖော်ပြဖို့ ပျက်ကွက်ခ့ပါတယ်" လို့ မက်ဆေ့မှာ ရေးထားပါတယ်။