• Featured

    Zoom ပေါ်ကနေ ဝန်ထမ်း ၉၀၀ ကျော်ကို အလုပ်ဖြုတ်မှု ဖြစ်ပွား

ဒေါ်လာသန်း ၇၅၀ မတည်ငွေ ရပြီး ရက်ပိုင်းမှာ အလုပ်ဖြုတ်ခဲ့တာပါ

ဒစ်ဂျစ်တယ်ငွေချေးလုပ်ငန်းတစ်ခုရဲ့ CEO ဟာ ခရစ္စမတ်အားလပ်ရက်မတိုင်ခင် ဝန်ထမ်းတွေကို Zoom မီတင်ခေါ်ပြီး Surprise လုပ်ခဲ့ပါတယ်။

“ဒီခေါ်ဆိုမှုထဲမှာ သင်တို့ရှိနေရင် သင်တို့ဟာ အလုပ်ဖြုတ်ခံရတဲ့ ကံဆိုးတဲ့အဖွဲ့ထဲ ပါသွားပါပြီ” လို့ Better.com အမှုဆောင်အရာရှိချုပ် ဗီရှယ်ဂါ့ချ်က အဖွဲ့လိုက် Zoom Meeting မှာ အလုပ်ဖြုတ်ကြောင်း ပြောသွားခဲ့တာပါ။ 

တက်ရောက်သူတစ်ဦးရဲ့ ဗွီဒီယိုမှတ်တမ်းတစ်ခုကနေ ပြန်မြင်တွေ့ရတာ ဖြစ်ပြီး ဒီထဲမှာ “သင်တို့ကို အလုပ်ခန့်အပ်မှုက အခုချက်ချင်းကစပြီး အဆုံးသတ်သွားပြီ ဖြစ်ပါတယ်” လို့လည်း ပြောထားပါတယ်။ ဗုဒ္ဓဟူးနေ့က လုပ်တဲ့ Zoom အဖွဲ့လိုက်အစည်းအဝေးမှာ လူ ၉၀၀ ကျော် (ဝန်ထမ်းအင်အားရဲ့ ၉% ခန့်) ကို Better.com ရဲ့ CEO က အလုပ်ဖြုတ်သွားခဲ့တာ ဖြစ်ပါတယ်။ 



နယူးယော့ခ်အခြေစိုက် Better.com ဟာ အများပိုင်လုပ်ငန်းအဖြစ် ပြောင်းဖို့ Softbank ဆီကနေ ဒေါ်လာ သန်း ၇၅၀ ငွေကြေးထည့်ဝင်မှုရပြီး ရက်ပိုင်းအတွင်းမှာ အခုလို ဝန်ထမ်းဦးရေ အများအပြား အလုပ်ထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။ အလုပ်ဖြုတ်ခံရတဲ့ အကြောင်းအရင်းကို ပြောရာမှာ ကပ်ဘေးကြောင့် ဈေးကွက်ထိခိုက်မှု ၊ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ထုတ်လုပ်မှုစါမ်းအားတွေကြောင့်လို့ အကြောင်းပြခဲ့ပါတယ်။ 

“ဒီသတင်းက ခင်ဗျားတို့ ကြားချင်တဲ့ သတင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း နောက်ဆုံးမှာ ဒါက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပြီး ကျွန်တော့်ဆီကနေ ကြားစေချင်လို့ပါ။ နောက်ဆုံးတစ်ကြိမ် ဒါမျိုးလုပ်တုန်းက ကျွန်တော်မှာ ငိုခဲ့ရတယ်။ ဒီတစ်ကြိမ်တော့ ပိုသန်မာလာပြီလို့ မျှော်လင့်ပါတယ်” လို့လည်း ဂါ့ချ်က ပြောပါတယ်။ 

Photo: CBS News


ဂါ့ချ်ဟာ Better.com ကုမ္ပဏီ စပြီး တည်ထောင်တဲ့ ၂၀၁၄ ခုနှစ်ကစလို့ ကုမ္ပဏီရဲ့ CEO အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး သူ့ရဲ့ စီမံခန့်ခွဲမှုတွေဟာ တစ်ခါတလေမှာ စာနာစိတ်မရှိဘဲ မောက်မာခက်ထန်တယ်ဆိုတာကို Forbes က ရထားတဲ့ ဝန်ထမ်းတွေကို ပေးတဲ့ မေးလ်မှာ ဖော်ပြထားပါတယ်။ 

ဝန်ထမ်းတွေကို ပေးတဲ့ အဲ့ဒီ မေးလ်ထဲမှာ “ခင်ဗျားတို့ စောက်ရမ်း နှေးလွန်းတယ်။ ငထုံလင်းပိုင်တွေလိုပဲ ။ တော်တော့ ။ တော်လိုက်တော့ ။ အခုတော်လိုက်တော့ ။ ခင်ဗျားတို့ ကျုပ်ကို အရှက်ခွဲနေတာပဲ”လို့ သူက ရေးထားပါတယ်။ 

Zoom မီတင်ခေါ်ပြီး လူရာနဲ့ချီ အလုပ်ဖြုတ်တဲ့ ဗွီဒီယိုဟာ TikTok နဲ့ YouTube ပေါ်မှာ ပျံ့နှံ့ သွားခဲ့ပြီး ဒီလိုလုပ်ဆောင်တဲ့ သူ့ရဲ့ စီမံခန့်ခွဲမှုအပေါ် အများက ဝေဖန်မှုတွေ ရှိနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က