မို့မို့မြင့်အောင်ဆီက အနုပညာနဲ့ပတ်သက်ပြီး သင်ကြားခွင့်ရခဲ့တဲ့ အကြောင်းတွေကို ခင်ဝင့်ဝါက ပြောပြလာပါတယ်။ သူတို့ နှစ်ယောက်ကိုတော့ ‘’လှပ်၍လွင့်သော’’ ရုပ်ရှင်ကားကြီး အထူးပြပွဲမှာအတူတွဲ သရုပ်ဆောင်ထားတာကို မြင်တွေ့ရမှာပါ။

Photo: လှပ်၍လွင့်သော
ခင်ဝင့်ဝါက ‘’လှပ်၍လွင့်သော’’ ရုပ်ရှင်ကားကြီးမှာ ဝါရင့်သရုပ်ဆောင် အကယ်ဒမီမို့မို့မြင့်အောင်နဲ့ အတူတွဲ သရုပ်ဆောင်ခဲ့ရတဲ့ အတွေ့အကြုံတွေ ပြောပြလာပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မို့မို့မြင့်အောင်ရဲ့ ငယ်ဘဝကာရိုက်တာကို ခင်ဝင့်ဝါက သရုပ်ဆောင်ရတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
‘’ မေမွှေးက သမီး ကြိုးစားပေါ့နော်။ မေမွှေးရဲ့ ငယ်ဘဝအများဆုံးက သမီးပါတာဖြစ်တဲ့အတွက် သမီးရဲ့ဇာတ်ဝင်ခန်းတွေက ပိုများတယ်တဲ့။ မေမွှေးပြောလိုက်တဲ့ စကားတစ်ခွန်းက ခြေလှမ်းတိုင်းမှာ အိုက်တင်ရှိတယ်တဲ့။ ဘေးကနေပဲ ရိုက်ရိုက်၊ နောက်ကနေပဲ ရိုက်ရိုက် သမီးမျက်နှာ မပါဘူးဆိုပေမယ့် အိုက်တင်မလုပ်ရဘူးလို့တော့ မခံယူထားနဲ့ပေါ့နော်’’ လို့ သူကဆိုပါတယ်။
Photo: လှပ်၍လွင့်သော
အဲဒီနောက် အိုက်တင်လုပ်ရမယ့် ပုံစံအမျိုးမျိုးကိုလည်း မို့မို့မြင့်အောင်ဆီကနေ သင်ကြားခွင့်ရခဲ့တယ်လို့ ခင်ဝင့်ဝါက ပြောပြလာပါတယ်။ သရုပ်ဆောင်အလုပ်ကိုလည်း တော်တော်လေး နားလည်လာတယ်လို့ ‘’လှပ်၍လွင့်သော’’ ရုပ်ရှင်ကားကြီး အထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
‘’ညီမအတွက် ပညာလည်းတော်တော်ရပါတယ်။ မေမွှေးပြောလိုက်တဲ့ ခြေလှမ်းတိုင်းမှာ အိုက်တင်ရှိတယ်ဆိုတာက ခြေထောက်ရဲ့ Body Movement တွေကအစ အိုက်တင်လုပ်ရမယ်ပေါ့နော်။ သရုပ်ဆောင်တစ်ယောက်က ဘယ်အရာမှ ပေါ့ပေါ့လေးမဟုတ်ဘူးဆိုတာကို တော်တော်လေး သင်ပေးသွားတယ်’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။
Photo: လှပ်၍လွင့်သော
သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ လှပ်၍လွင့်သော ရုပ်ရှင်ကားကြီးကို မတ်လ ၂၂ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာဝိုင်း ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် ကျော်ရဲအောင်၊ မို့မို့မြင့်အောင်၊ ဖွေးဖွေးနဲ့ ခင်ဝင့်ဝါတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
Photo: လှပ်၍လွင့်သော
ခင်ဝင့်ဝါဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အလှမယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အလှမယ်တစ်ယောက်ပါ။ သရုပ်ဆောင်အလုပ်နဲ့ပတ်သက်ပြီး ပညာပေးတဲ့ ဇာတ်လမ်းမျိုးတွေဆိုရင်လည်း အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။