စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့ ဖုန်း Update သက်တမ်း တိုးပေးသင့်တယ်လို့ ဥရောပနိုင်ငံတွေမှာ တောင်းဆိုမှုတွေ ရှိနေပါတယ်။
ပုံမှန်အားဖြင့် စမတ်ဖုန်းကုမ္ပဏီတွေဟာ ဆော့ဖ်ဝဲလ် Update ကို ၂ နှစ်နဲ့ ၃ နှစ်အတွင်းပဲ ပေးကြတာ ဖြစ်ပြီး အများစုကတော့ ၅ နှစ်အထိ Support ပေးဖို့ လိုလားကြတာပါ။ မကြာသေးခင်ကပဲ ဂျာမနီအစိုးရဟာ စမတ်ဖုန်း Security Patches နဲ့ အပိုပစ္စည်း ထုတ်ပေးမှုကို ၇ နှစ်ထားဖို့ စမတ်ဖုန်းထုတ်လုပ်သူတွေကို တောင်းဆိုတဲ့ အဆိုပြုချက်တစ်ရပ်ကို ဥရောပကော်မရှင်အဖွဲ့ထံ တင်ပြခဲ့ပါတယ်။

Photo: SCMP
ဖုန်းထုတ်လုပ်သူတွေအနေနဲ့ ဖုန်းသစ်တွေ ပိုရောင်းနိုင်ဖို့ Software Update ပေးမှုကို ၂ နှစ် ၃ နှစ်နဲ့ ဖြတ်ထားတာပါ။ ဒီအချိန်မှာ Xiaomi က နောက်အသစ်ထွက်လာမယ့် Xiaomi Mi 11T နဲ့ 11T Pro ဖုန်းသစ်တွေမှာ အဓိက major Android Updates ကြီး ၃ ခုနဲ့ ပုံမှန် Security Patches တွေကို ၄ နှစ်ကြာအောင် ထုတ်ပေးသွားမယ်လို့ စက်တင်ဘာ ၉ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒီ Flagship ဖုန်းသစ်တွေကို လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။
လက်ရှိမှာ စမတ်ဖုန်းတွေရဲ့ လုံခြုံရေးအဆင့်မြှင့်တင်မှု Security Patches ကို ၄ နှစ်အတွင်း ပေးနေတဲ့ ကုမ္ပဏီနှစ်ခုပဲ ရှိပြီး အဲဒီကုမ္ပဏီတွေကတော့ Samsungနဲ့ OnePlus တို့ပဲ ဖြစ်ပါတယ်။ Xiaomi ကတော့ Security Patches ၄ နှစ်ကြာ ပေးတဲ့ တတိယမြောက် OEM ဖြစ်လာမှာပါ။ Xiaomi အနေနဲ့ တခြားထုတ်ကုန်တွေကိုလည်း ပိုပြီး ကာလရှည် support ပေးနိုင်အောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီလို ကာလရှည် support ပေးသွားမယ့်အထဲမှာ တန်ဖိုးသင့် Gadgets တွေတော့ ပါဝင်လာဖွယ် မရှိပါဘူး။ ၄ နှစ်စာ Security Patches ရမယ့် Xiaomi ဖုန်းတွေဟာ Flagship မော်ဒယ်တွေ ဖြစ်ဖို့ များပါတယ်။ အထူးသဖြင့် မကြာသေးခင်က ထွက်ထားတဲ့ Xiaomi Mi 11 စီးရီးနဲ့ Mi Mix 4 သစ်တွေမှာ ၄ နှစ်ကြာ Software Support ရဖို့ ပိုအခွင့်အလမ်း များနေပါတယ်။
Photo: GSMArena
အသစ်ထွက်လာမယ့် Mi 11T (Mi နာမည်တော့ ဖြုတ်လာဖို့ရှိ) နဲ့ Mi 11T Pro တို့ဟာ 120Hz support ပေးထားတဲ့ အရည်အသွေးမြင့် display နဲ့လာပြီး 5G ဆယ်လူလာချိတ်ဆက်မှု ပါဝင်လာဖို့ ရှိပါတယ်။ MediaTek Dimensity 1200 SoC နဲ့ global အတွက် Qualcomm Snapdragon 888 SoC တို့ ကို သုံးလာဖို့ ရှိပြီး 120W Super-Fast Charging ပါမယ်လို့ သတင်းတွေ ထွက်နေပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့ Xiaomi ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ ပြီးခဲ့တဲ့လက တရုတ်ဈေးကွက်မှာ ကြေညာခဲ့တဲ့ Xiaomi Mi Pad 5 နဲ့ Mi Pad 5 Pro တက်ဘလက်တွေလည်း မိတ်ဆက်လာဖို့ ရှိပါတယ်။