Huawei ကနေ ခွဲထွက်ပြီး ကိုယ်ပိုင် စမတ်ဖုန်းကုမ္ပဏီအဖြစ် အသစ်တည်ထောင်လိုက်တဲ့ Honor ဟာ တရုတ်ဈေးကွက်မှာ ရောင်းအားတက်လာခဲ့တယ်လို့ ဆိုပါတယ်။
CINNO Research ရဲ့ တရုတ်စမတ်ဖုန်းဈေးကွက် ရောင်းအားအချက်အလက်တွေအရ Honor ဟာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာ Xiaomi နဲ့ Apple တို့ထက် စမတ်ဖု်နးရောင်းအား ပိုများခဲ့တယ်လို့ ဆိုပါတယ်။ Honor ဟာ ဇူလိုင်လအတွက် တရုတ်မှာတတိယ ရောင်းအားအကောင်းဆုံး စမတ်ဖုန်း Brand အဖြစ် ရပ်တည်ခဲ့ပါတယ်။

Photo; GSMArena
ကိန်းဂဏန်းတွေအရ Honor ဟာ ဇူလိုင်လထဲမှာ စမတ်ဖုန်းအလုံးရေ ၄ သန်း ရောင်းချနိုင်ခဲ့ပြီး Xiaomi နဲ့ Apple တို့ကတော့ ၃.၉ သန်း နဲ့ ၃ သန်း စီ ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်စမတ်ဖုန်းဈေးကွက်မှာ OPPO ဟာ ထိပ်ဆုံးနေရာက ရပ်တည်နေပြီး ဇူလိုင်လထဲမှာ အလုံးရေ ၅.၈ သန်း ရောင်းချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ Vivo ကတော့ ဖုန်းအလုံးရေ ၅.၃ သန်း နဲ့ ဒုတိယရောင်းအားအကောင်းဆုံးဖုန်းအမှတ်တံဆိပ်အဖြစ် ရှိနေပါတယ်။
OPPO ၊ Vivo ၊ OnePlus ၊ Realme တို့ဟာ BBK Electronics လုပ်ငန်းစုပိုင် စမတ်ဖုန်း brand တွေလည်း ဖြစ်ပါတယ်။ Honor ကတော့ ပြီးခဲ့တဲ့နှစ်ထဲမှာ Huawei ဆီကနေ ခွဲထွက်ပြီး Shenzhen Zhixin New Information Technology ပိုင် စမတ်ဖုန်း brand အဖြစ် ရပ်တည်နေတာပါ။ Huawei ဆွဲကနေ ခွဲထွက်ပြီးကတည်းက Honor ဟာ supply ပြဿနာတွေနဲ့ ကြုံနေပြီး ဈေးးကွက်ရှယ်ယာလည်း ၃% အထိ ကျဆင်းခဲ့ပါတယ်။
Photo: GSMArena
Supply Chain ပုံမှန် ပြန်ဖြစ်လာပြီးနောက်ပိုင်းမှာ ထုတ်လုပ်မှု အရှိန်ရလာပြီး နေရာရလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လလယ်ထဲမှာ Honor ဟာ ကုမ္ပဏီရဲ့ high-end မော်ဒယ်ဖြစ်တဲ့ Magic 3 နဲ့ Magic 3 Pro တို့ကို မိတ်ဆက်ထားပါတယ်။ Cinno Reearch အချက်အလက်အရ စမတ်ဖုန်းဈေးကွက်ဟာ တိုးတက်မှုတည်ငြိမ်နေပြီး တင်ပို့မှုဟာ နှစ်အလိုက် ၂၈.၆% (အလုံးရေ ၂၈.၆၈ သန်း) နှုန်း တက်လာတယ်လို့ ဆိုပါတယ်။
5G ရတဲ့ စမတ်ဖုန်းတွေဟာ စုစုပေါင်း တင်ပို့မှုရဲ့ ၇၉.၆% (အလုံးရေ ၂၂.၈၃ သန်း) အထိ ရှိတယ်လို့ ဆိုပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ 5G ဖုန်း အရေအတွက်ဟာ အလုံးရေ သန်း ၄၀၀ ကျော် တင်ပို့ထားတယ်လို့လည်း သိရပါတယ်။