Facebook ရဲ့ Ray-Ban Stories ကို ယှဉ်နိုင်မယ့် စမတ်မျက်မှန်သစ်တစ်မျိုးကို Xiaomi က မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
Xiaomi Smart Glasses ဟာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်မျက်မှန်ထုတ်ကုန်ဖြစ်ပြီး သူ့အရင်မှာ Google ၊ Snapchat ၊ Nreal နဲ့ Lenovo တို့က စမတ်မျက်မှန်လောကကို နေရာဦးထားကြတာပါ။ နာမည်ကြီးလူမှုကွန်ရက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Facebook ကလည်း ဒီရက်ပိုင်းအတွင်းမှာပဲ သူ့ရဲ့ ပထမဆုံးစမတ်မျက်မှန်ဖြစ်တဲ့ Ray-Ban Stories ကို မိတ်ဆက်ခဲ့တာပါ။
တခြားစမတ်မျက်မှန်တွေနဲ့ မတူတာက Xiaomi Smart Glasses ဟာ စမတ်ဖုန်းတွေအစား သုံးတဲ့ secondary display ဆိုတာထက် ပိုတဲ့ features တွေ ထည့်ထားတာပဲ ဖြစ်ပါတယ်။ Xiaomi ရဲ့ စမတ်မျက်မှန်ဟာ သာမာန်မျက်မှန်ဒီဇိုင်း အတိုင်းပဲ ဖြစ်ပြီး ၅၁ ဂရမ် အလေးချိန်ရှိမယ်လို့ ဆိုပါတယ်။ မှန်နေရာမှာ မျက်မှန်ရဲ့ Structural ဒီဇိုင်းအတွက် နေရာမစားစေဖို့ microLED ကို သုံးထားတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ microLED ဟာ pixel သိပ်သည်းဆ ပိုမြင့်ခြင်း ၊ တာရှည်အသုံးခံခြင်း ၊ တည်ဆောက်ပုံရိုးရှင်းပြီး OLED ထက် တောက်ပမှုပိုမြင့်မားခြင်းဆိုတဲ့ အားသာချက်တွေ ရှိပါတယ်။
အထဲမှာ သုံးထားတဲ့ display chip ဟာ 2.3mm x 2.02mm ရှိပြီး မှန်ကိုင်းအတွင်း အံ့ကျဖြစ်အောင် pixel တစ်ခုချင်းစီဟာ 4μm ဆိုဒ်စီ သုံးထားတယ်လို့လည်း ဆိုပါတယ်။ Xiaomi Smart Glasses ဟာ တောက်ပတဲ့ တိုက်ရိုက်နေရောင်အောက်မှာကိုပဲ Content တွေကို ကြည့်နိုင်မှာ ဖြစ်ပြီး monochrome display ကိုလည်း peak brightness 2 million nits အထိ တင်နိုင်အောင် ထုတ်ပေးထားတာပါ။ microLED display ကို ဘယ်ကုမ္ပဏီဆီက မှာထားသလဲတော့ မသိရပါဘူး။
Photo; xda-developers
Xiaomi Smart Glasses တွေဟာ မြေပုံလမ်းညွှန်ချက်သုံးတာ ၊ ဓါတ်ပုံရိုက်တာ ၊ စာပြန်တာ ၊ ဖုန်းဆီက သတင်းအချက်အလက်တွေကို ဘာသာပြန်တာမျိုး လုပ်ဆောင်နိုင်မယ့် အမှီအခိုကင်းတဲ့ Smart Wearable ထုတ်ကုန်တစ်ခုလို သုံးနိုင်မယ်လို့လည်း သိရပါတယ်။ တရုတ်ဈေးကွက်မှာ ဖြန့်ချိမှာ ဖြစ်လို့ အသံအကူနည်းပညာစနစ်ကို Xiaomi ရဲ့ XiaoAI Assistants နဲ့ပဲ လုပ်ဆောင်သွားမှာပါ။ ဒီ Assistant ကပဲ ဖုန်းဆီက အရေးကြီးသတင်းအချက်အလက်တွေ နဲ့ ဖုန်းဝင်လာရင် ဆက်သူရဲ့ ဖုန်းနံပါတ်ကို မျက်မှန်မှာ ဖော်ပြပေးတာမျိုး လုပ်ပေးမှာ ဖြစ်ပါတယ်။
Xiaomi စမတ်မျက်မှန်မှာ microphones နှစ်ခု ၊ စပီကာ ၊ 5MP ကင်မရာနဲ့ ကင်မရာ indicator မီး ပါရှိပြီး quad-core ARM Chip သုံးသွားမှာပါ။ တခြား features တွေအနေနဲ့ ဘက်ထရီ ၊ touch pad ၊ WiFi/Bluetooth module နဲ့ Andorid OS စနစ်တို့လည်း ပါရှိပြီး ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက် ကြေညာခြင်း မရှိသေးပါဘူး။