လီဗာပူးလေဆိပ်ရဲ့ တရားဝင်တွစ်တာအကောင့်ကတဆင့် ရော်နယ်ဒို ယူနိုက်တက်ကထွက်ခွာမယ့်ကိစ္စအပေါ် လှောင်ပြောင်လိုက်တယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုကို ယူနိုက်တက်က ပြောင်းရွှေ့ကြေး ယူရို (၁၅) သန်းနဲ့ ရောင်းချမှာဖြစ်ပြီး ဒီကစားသမားကိုခေါ်ယူဖို့ ချဲလ်ဆီးက အနီးစပ်ဆုံးဖြစ်နေပါတယ်။

ယူနိုက်တက်ဟာ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပြီး ရော်နယ်ဒိုကတော့ သူ့ရဲ့ ကစားသမားဘဝနှောင်းပိုင်းကို ဥရောပရဲ့ ထိပ်တန်းအဆင့်ပြိုင်ပွဲတွေမှာသာ ကစားဖို့ ဆန္ဒရှိနေပါတယ်။ အဲ့ဒါကြောင့်လည်း ပြီးခဲ့တဲ့စနေမှာ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး ရော်နယ်ဒို ယူနိုက်တက်က ထွက်ခွာမယ့်ကိစ္စအပေါ် လီဗာပူးလေဆိပ်ရဲ့ တရားဝင်တွစ်တာအကောင့်က “ယူနိုက်တက်ကနေလည်း ထွက်ချင်တယ်၊ တန်းလည်းမစီချင်ဘူးဆိုရင်တော့ အင်္ဂလန်အနောက်မြောက်ပိုင်းဒေသက မြန်ဆန်၊ လွယ်ကူ၊ စိတ်ချရတဲ့လေဆိပ်ကနေ ရော်နယ်ဒိုကို ဖိတ်ခေါ်လိုက်ပါတယ်"
“အဲ့ဒီလေဆိပ်ကတဆင့် Lufthansa လေကြောင်းလိုင်းနဲ့ မြူးနစ်၊ လစ္စဘွန်းကို သွားလို့ရသလို Ryanair နဲ့လည်း ပဲရစ် ဒါမှမဟုတ် ရောမကိုသွားလို့ရပါတယ်” လို့ ရေးသားခဲ့ပြီး ရော်နယ်ဒိုရဲ့ပုံနဲ့အတူ လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ မြူးနစ်မြို့က ဘိုင်ယန်မြူးနစ်၊ လစ္စဘွန်းက စပို့တင်းလစ္စဘွန်း၊ ပဲရစ်မြို့က ပီအက်စ်ဂျီ၊ ရောမမြို့က ရိုးမားတို့နဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ခဲ့ပါသေးတယ်။
အင်္ဂလန်မှာ ယူနိုက်တက်နဲ့လီဗာပူးတို့က ခါးသီးပြိုင်ဘက်တွေဖြစ်ကြပြီး အခွင့်ရတဲ့အချိန်တိုင်း တသင်းနဲ့တသင်းက လှောင်ပြောင်ထိုးနှက်နေကြတာဖြစ်ပါတယ်။ လာမယ့် ဇူလိုင် (၁၂) မှာလည်း ယူနိုက်တက်နဲ့လီဗာပူးတို့က နှစ်သင်းလုံးအတွက် ဒီနွေရာသီ ပထမဆုံးခြေစမ်းပွဲအဖြစ် ဘန်ကောက်မြို့မှာ ရာဇမင်္ဂလာကွင်းမှာ ယှဥ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။