လီဗာပူးဂန္တဝင်နောက်ခံလူ ကာရေဂါက အသင်းရဲ့တိုက်စစ်ကစားသမား ဆာလာကို ရော်နယ်ဒိုလိုအဆင့်အတန်းမျိုး ရောက်လာမယ့်ကစားသမားအဖြစ် ချီးကျူးပြောကြားလိုက်ပါတယ်။ ဆာလာဟာ လီဗာပူးမှာ (၂၀၂၅) အထိ ဆက်ရှိမယ့် စာချုပ်သစ်တရပ်ကို ပူပူနွေးနွေးချုုပ်ဆိုထားခဲ့သူပါ။

တိုက်တိုက်ဆိုင်ဆိုင်နဲ့ပဲ ဆာလာ လီဗာပူးနဲ့ စာချုပ်သစ်ချုပ်တဲ့နေ့မှာ ရော်နယ်ဒိုက ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းခံခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အသင်းရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်တွေကို မပူးပေါင်းဘဲ အသင်းပြောင်းဖို့ကိုသာ ဆန္ဒရှိနေပါတယ်။

ဆာလာဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်နဲ့ ပူးတွဲဆွတ်ခူးခဲ့သူတယောက်လည်းဖြစ်ပါတယ်။ အဆိုပါအီဂျစ်လက်ရွေးစင်ကစားသမားက လီဗာပူးတိုက်စစ်ရဲ့ အားကိုးရတဲ့ ကစားသမားအဖြစ် အမြဲတမ်းရှိခဲ့ပြီး ဆာလာနဲ့ပတ်သက်လို့ ကာရေဂါကလည်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။
“ဆာလာ သူ့ကိုယ်သူ ဂရုစိုက်တဲ့ပုံစံကိုကြည့်ခြင်းအားဖြင့် သူက ရော်နယ်ဒိုလိုဖြစ်လာမယ့် ကစားသမားလို့ ကျနော်ထင်ပါတယ်။ ဘဝကို ဆာလာထိန်းကျောင်းနေတဲ့ပုံစံက လာမယ့်သုံးနှစ်အတွင်း သူ့ရဲ့လက်ရှိ ကိန်းဂဏန်းတွေ ကျဆင်းသွားဖို့ မရှိဘဲ ကျော်တက်နိုင်ဖို့ပဲရှိတယ်ထင်ပါတယ်” လို့ ကာရေဂါက ချီးကျူးပြောကြားခဲ့ပါတယ်။ ကာရေဂါဟာ အခွင့်ရတိုင်း ရော်နယ်ဒိုနဲ့ ယူနိုက်တက်ကို ထိုးနှက်နေကျ ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။
ရော်နယ်ဒို ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းချိန်မှာလည်း ကာရေဂါက ရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ကို လှောင်ပြောင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အဆိုပါ လီဗာပူးကစားသမားဟောင်းကြီးက ယူနိုက်တက်ဂန္တဝင် ဂယ်ရီနဗီးလ်နဲ့ တွစ်တာပေါ်မှာ စကားလုံးတိုက်ပွဲတွေ ဆင်နွှဲခဲ့ကြပါသေးတယ်။