ဘိုင်ယန်မြူးနစ်ရဲ့ ကြယ်ပွင့် အယ်လ်ဖွန်ဆိုဒေးဗီးစ်က သူ့အနေနဲ့ မက်ဂွိုင်းရားတယောက် ယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်နေရတဲ့အကြောင်းရင်းကို စဥ်းစားလို့တောင် မရဘူးလို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
ဂိမ်းပလက်ဖောင်းတခုဖြစ်တဲ့ Twitch မှာ အယ်လ်ဖွန်ဆိုဒေးဗီးစ်က ဖီဖာဂိမ်းကစားရင်း အခုလိုမျိုး ပြောကြားခဲ့တာပါ။ ဒါ့အပြင် သူက ရော်နယ်ဒိုကို ထာဝရ အကောင်းဆုံး ကစားသမားတွေထဲက တယောက်အဖြစ်လည်း ချီးကျူးခဲ့ပါသေးတယ်။
အယ်လ်ဖွန်ဆိုဒေးဗီးစ်က ပရိသတ်တွေကို “ကိုယ့်လူတို့ ခင်ဗျားတို့ စိတ်ကူးယဥ်ကြည့်စမ်းပါဗျာ။ ခင်ဗျားက ရော်နယ်ဒို နောက်ပြီး ထာဝရအကောင်းဆုံး ကစားသမားတွေထဲက တယောက်။ ဒါပေမယ့် ခင်ဗျားရဲ့ အသင်းခေါင်းဆောင်က ဘယ်သူလဲ? မက်ဂွိုင်းရားက ခင်ဗျားရဲ့ အသင်းခေါင်းဆောင်လား?”
“အဲ့ဒီတော့ ရော်နယ်ဒိုက မက်ဂွိုင်းရားကို ‘ဟုတ်ကဲ့၊ ကပ္ပတိန်’ လို့ ပြောရမှာလား? သူတို့နှစ်ယောက်အကြား ဘယ်လိုခေါ်လဲ ကျနော် မသိပါဘူး။ ညီအကိုတို့ရေ.. ငါ မက်ဂွိုင်းရားကို ဝေဖန်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ရော်နယ်ဒိုနဲ့ပတ်သက်လို့ပါ”
“ရော်နယ်ဒိုက ယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်သင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ မကြာခင်ကာလအတွင်းမှာပဲ ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က အသင်းခေါင်းဆောင်ရာထူးကို ရော်နယ်ဒိုဆီ လွှဲပြောင်းပေးဖို့ စီစဥ်နေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။
ဒါပေမယ့် ဒီသတင်းတွေကိုတော့ မက်ဂွိုင်းရားက ပြာပြာသလဲ ရှင်းလင်းခဲ့ပြီး ရန်းနစ်ဂ်ကလည်း ဒီသတင်းတွေ မဟုတ်မှန်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ရော်နယ်ဒို ယူနိုက်တက်ကို ရောက်လာပြီးနောက်ပိုင်း အဝတ်လဲခန်းအတွင်းမှာ မက်ဂွိုင်းရားရဲ့ အရှိန်အဝါကျဆင်းလာခဲ့ပြီး မက်ဂွိုင်းရားနဲ့ရော်နယ်ဒိုအကြား ပါဝါအားပြိုင်မှုတွေရှိနေတယ်လို့လည်း သိရပါတယ်။