ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းရားက အသင်းခေါင်းဆောင်နေရာအတွက် သူနဲ့ ရော်နယ်ဒိုအကြား အားပြိုင်မှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေအပေါ် အတိအလင်း ငြင်းဆန်သွားခဲ့ပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်ကို ရောက်လာပြီးအချိန်တိုအတွင်းမှာပဲ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ခြေစွမ်းပိုင်းနဲ့ အသင်းအပေါ် ဦးဆောင်နိုင်စွမ်းတွေက အမြဲတမ်း မေးခွန်းထုတ် ဝေဖန်ခံနေရပြီး ဒီနောက်ပိုင်းပွဲစဥ်တွေမှာ မက်ဂွိုင်းရားရဲ့ အနေအထားက ပိုမိုဆိုးရွားလာတာကြောင့် အသင်းခေါင်းဆောင် လက်ပတ်ပါ ဆုံးရှုံးရလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

နာမည်ကျော် The Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ မက်ဂွိုင်းရား၊ ရော်နယ်ဒိုနဲ့ ရန်းနစ်ဂ်တို့ သုံးယောက်ဟာ အသင်းခေါင်းဆောင်ရာထူးအတွက် ထိပ်တိုက်ဆွေးနွေးခဲ့တယ်လို့ သိရှိရပြီး မက်ဂွိုင်းရားကတော့ သူ့ရဲ့အသင်းခေါင်းဆောင်ရာထူး ရုတ်သိမ်းခံရမှာကို မလိုလားဘူးလို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။ ဒီလိုမျိုး ကောလာဟလတွေ ပျံ့နှံ့နေတာနဲ့ ပတ်သက်လို့ မက်ဂွိုင်းရားက အခုလိုပဲ ဖြေရှင်းလာခဲ့ပါတယ်။
မက်ဂွိုင်းရားက “ယူနိုက်တက် အသင်းခေါင်းဆောင်ရာထူးနဲ့ပတ်သက်လို့ မမှန်ကန်တဲ့သတင်းတွေနဲ့ အခြားသောအကြောင်းအရာတွေ အများကြီးကို ကျနော်တွေ့ပါတယ်။ ဒီအကြောင်းအရာတွေ အကုန်လုံးကို ကျနော်ဖြေရှင်းနေမှာတော့ မဟုတ်ပေမယ့် အသင်းခေါင်းဆောင်ရာထူးကိစ္စက မဟုတ်ဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ဖြစ်စေချင်ပါတယ်”
“ကျနော်တို့က ယူနိုက်တက်ဖြစ်ပြီး လာမယ့်တနင်္ဂနွေပွဲအတွက် အာရုံစိုက်ထားပါတယ်။ ခင်ဗျားတို့အားလုံး ကောင်းသောနေ့လေးဖြစ်ပါစေ” လို့ သူ့ရဲ့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။ သတင်းရင်းမြစ်တယောက်ကတော့ “ပုံမှန်အားဖြင့်ဆိုရင် ရော်နယ်ဒိုကလည်း မက်ဂွိုင်းရားကို ထောက်ခံပေးဖို့ ကစားသမားတွေကို ပြောထားပြီးသားပါ”
“ဒါပေမယ့် ပြဿနာက နည်းပြရန်းနစ်ဂ်ဖြစ်ပြီး သူက ရော်နယ်ဒိုကို လူငယ်ကစားသမားတွေ အကုန်လုံးကို ကြီးကြပ်ပေးဆိုပြီး လုပ်နေတာပါ။ ဒါက မက်ဂွိုင်းရားကို အထီးကျန်အောင် လုပ်လိုက်တာပါ။ သူက အသင်းခေါင်းဆောင်ရာထူးရှိပေမယ့် ရော်နယ်ဒို ပြောသမျှ အကုန်လိုက်လုပ်ရတော့မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။