• မန်ယူအသုံးမကျတာကို ရော်နယ်ဒိုရဲ့သားတောင်မှ ဟုတ်တယ်ဆိုပြီး လက်ခံနေရ

ရော်နယ်ဒိုရဲ့သားက အင်စတာဂရမ်လိုက်ဖ်မှာ ပြောခဲ့တာပါ။
[Zawgyi Version]

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ သားကြီး အသက် (၁၁) နှစ်အရွယ် ခရစ္စတီယာနိုဂျူနီယာရဲ့ အွန်လိုင်းပေါ်က အမေးအဖြေတခုက တော်တော်လေးကို ရေပန်းစားပြီး လူပြောများနေခဲ့ပါတယ်။ ဖခင်သွားလေရာ အသင်းတွေကို လိုက်ပါပြီး လူငယ်ကစားသမားအဖြစ် ဖြတ်သန်းနေကျ ဂျူနီယာဟာ မကြာခင်ကပဲ ယူနိုက်တက် တရားဝင်အကယ်ဒမီကစားသမား ဖြစ်လာခဲ့ပါတယ်။

 

အရင်အသင်းဟောင်းဂျူဗင်တပ်စ်မှာရှိနေတည်းက ဂျူနီယာရဲ့ ဂိုးသွင်းခြေစွမ်းက တနေ့နေ့မှာ အဖေဖြစ်သူ ရော်နယ်ဒိုရဲ့ခြေရာကို နင်းနိုင်လိမ့်မယ်လို့ ယူဆထားကြပါတယ်။ အခုချိန်မှာလည်း ဒီကစားသမားလေးက ယူနိုက်တက်လူငယ်အသင်းကို ရောက်ရှိလာတဲ့အပေါ် ပရိသတ်တွေကတော့ ဂျူနီယာကို အသင်းရဲ့အနာဂတ်အဖြစ် သတ်မှတ်နေကြပါတယ်။

 

ဒါပေမယ့် လတ်တလော အခိုက်အတန့်မှာတော့ ဂျူနီယာတယောက် ယူနိုက်တက်ရဲ့ အနေအထားဆိုးရွားနေတာကို လက်ခံထားပုံရပြီး ဒါနဲ့ပတ်သက်လို့ မထင်မှတ်ဘဲအွန်လိုင်းပေါ်က အမေးအဖြေလုပ်ဖြစ်ရင်း ပြောကြားသွားခဲ့ပါတယ်။ အင်စတာဂရမ်က လိုက်ဖ်မှာ ဂျူနီယာက ယူနိုက်တက်အနွေးထည်ကို ဝတ်ဆင်ထားရင်း ပရိသတ်တွေနဲ့ အမေးအဖြေလုပ်ခဲ့ပါတယ်။

 

ပရိသတ်တယောက်က “ဂျူနီယာရေ၊ မင်းအဆင်ပြေရဲ့လား” လို့ စတင်မေးမြန်းခဲ့ချိန်မှာ ဂျူနီယာက “အဆင်ပြေပါတယ်” လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။ အဲ့ဒီနောက် ဒီပရိသတ်ကပဲ “ယူနိုက်တက်က တကယ့်သောက်တလွဲနော်။ ဟုတ်တယ်မဟုတ်လား” လို့ မေးမြန်းခဲ့ရာမှာလည်း ဂျူနီယာက “ဟုတ်ပါတယ်” လို့ပဲ ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

 

ဒါပေမယ့် ဂျူနီယာအနေနဲ့ ပရိသတ်ဘက်ကမေးမြန်းတဲ့ မေးခွန်းကို အမှန်တကယ် သိရှိနားလည်ခြင်းရှိ၊ မရှိဆိုတာကိုတော့ အတိအကျမပြောနိုင်ပါဘူး။ ယူနိုက်တက်ရဲ့ လက်ရှိအနေအထားကလည်း အားရစရာမကောင်းဘဲ ပြည်တွင်းဖလားအားလုံးကို ဆုံးရှုံးလိုက်ရပြီဖြစ်တဲ့အပြင် ချန်ပီယံလိဂ်မှာလည်း ဆက်လက်ရုန်းကန်ရဖို့ ရှိနေပါသေးတယ်။ 

Share

Loading Next Article...