အင်္ဂလန်ဂန္တဝင်ကစားသမားဟောင်းကြီး ဂယ်ရီလိုင်နီကာက ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာဖြစ်ပွားခဲ့တဲ့ ယူနိုက်တက်နဲ့ရော်နယ်ဒိုတို့ရဲ့ အပြောင်းအရွှေ့ကိစ္စက သူ့ခြံအနောက်ဘက်မှာ အထမြောက်ခဲ့တာလို့ ဖွင့်ဟပြောကြားလာပါတယ်။

ဒီဖြစ်ရပ်အတွက်လည်း သူ့ဖုန်းနဲ့ဓာတ်ပုံရိုက်ယူထားတဲ့ သက်သေရှိပြီး တစ်နေ့နေ့မှာတော့ ခွင့်ပြုချက်နဲ့အတူ လူသိရှင်ကြားထုတ်ဖော်ပြသသွားမယ်လို့လည်းဆိုပါတယ်။ ရော်နယ်ဒို ယူနိုက်တက်ကို ပြန်လာမယ်ဆိုတဲ့ အပြောင်းအရွှေ့သတင်းက မက်ဆီနဲ့ PSG အပြောင်းအရွှေ့ပြီးရင် လူစိတ်ဝင်စားမှုအများဆုံးနဲ့ လှုပ်ခတ်မှုအရှိခဲ့ဆုံး အပြောင်းအရွှေ့ဖြစ်ခဲ့တာပါ။

ရော်နယ်ဒိုက မန်စီးတီးကိုပြောင်းဖို့ နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး (၂၄) နာရီအတွင်းမှာပဲ ဖာဂူဆန်၊ ရွန်းနီတို့အပါအဝင် ယူနိုက်တက်ကစားသမားဟောင်းတွေရဲ့ စည်းရုံးမှုကြောင့် ရော်နယ်ဒို ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီလိုမျိုး ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ပြီးမြောက်အောင် ယူနိုက်တက်ရဲ့ အမှုဆောင်ချုပ် အက်ဝုဒ်ဝက် ဘယ်လိုလှုပ်ရှားခဲ့လဲဆိုတာကို ဂယ်ရီလိုင်နီကာ အခုလိုမျိုး ပြောပြလာခဲ့ပါတယ်။
ဂယ်ရီလိုင်နီကာက “ကျွန်တော်ကတော့ ကျွန်တော့်ကတ်တွေကို စားပွဲပေါ် ပစ်တင်ထားပါလိမ့်မယ်။ အက်ဝုဒ်ဝက်က ကျွန်တော့်ရဲ့အိမ်နီးချင်းလည်းဖြစ်၊ သူငယ်ချင်းကောင်းတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ သူ ရော်နယ်ဒိုကို ကျွန်တော့်ခြံထဲမှာတင် လက်မှတ်ထိုးခေါ်ခဲ့တာပါ”
“ဒီကိစ္စက တော်တော်လေးမိုက်တဲ့ကိစ္စပဲဗျ။ သူ ကျွန်တော့်ခြံထဲဝင်လာတည်းက ဂျော့ချ်မန်ဒက်စ် (ရော်နယ်ဒိုရဲ့အေးဂျင့်) ဒါမှမဟုတ် တစ်ယောက်ယောက်ဆီကို ဖုန်းပြောရင်း ဝင်လာတာပါ။ ကျွန်တော် ဒီနေရာမှာ စကားကို အကုန်မပြောချင်သေးပါဘူး။ ဒါပေမယ့် ပြောချင်တာက သူ ရော်နယ်ဒိုကို အဲ့ဒီမှာပဲ လက်မှတ်ထိုးခေါ်လိုက်တာပါ”
“ကျွန်တော့် ခြံအနောက်ဘက်မှာ သိပ်အံ့အားသင့်ဖို့ကောင်းတဲ့ ဓာတ်ပုံကို သူနဲ့အတူရိုက်ကူးခဲ့ပါတယ်။ အက်ဝုဒ်ဝက်ရဲ့ခွင့်ပြုချက်ရတဲ့တစ်နေ့ကျ ကျွန်တော် ခင်ဗျားတို့ကို အဲ့ဒီပုံပြပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူခဲ့တဲ့အတွက် ဂျူဗင်တပ်စ်ကို အပိုဆုကြေးတွေပါဝင်မှ အများဆုံး ယူရို (၂၃) သန်းသာ ပေးချေရမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။