ဂျူဗင်တပ်စ် ဗဟိုနောက်ခံလူ ဘိုနူချီက ဗီလာရီးရဲယ်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပွဲစဥ်အတွက် ဗလာဟိုဗစ် ဦးဆောင်တဲ့တိုက်စစ်ပိုင်းနဲ့အတူ အကောင်းဆုံး ကျော်ဖြတ်သွားမယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဒီကနေ့ညမှာ ပထမအကျော့အဖြစ် ဗီလာရီးရဲယ်ကွင်းမှာ ဂျူဗင်တပ်စ်တို့ သွားရောက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဗီလာရီးရဲယ်ဟာ ယူနိုက်တက်၊ အတ္တလန်တာတို့ပါဝင်တဲ့ အုပ်စုမှာ ဒုတိယနေရာကနေ ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်လာခဲ့ပြီး ဂျူဗင်တပ်စ်ကတော့ ချဲလ်ဆီးကိုကျော်ပြီး အုပ်စုပထမနဲ့ တက်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဗီလာရီးရဲယ်ဟာ အူနိုင်းအမ်မရီလက်ထက်မှာ တောင့်တင်းတဲ့ အသင်းတသင်းအဖြစ် ရှိနေပြီး ပြီးခဲ့တဲ့ရာသီမှာလည်း ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

ဂျူဗင်တပ်စ်ဟာ ဒီရာသီမှာ တိုက်စစ်ပိုင်း အားနည်းမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ်ကို ပြောင်းရွှေ့ကြေး ယူရို (၇၅) သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဗလာဟိုဗစ်ဟာ အသင်းသစ်ကို ရောက်ရှိလာပြီးနောက် ချက်ချင်းဆိုသလို အံဝင်ခဲ့ပြီး အဖွင့်ပွဲမှာတင် ဂိုးသွင်းနိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ဘိုနူချီက ဗလာဟိုဗစ် ဦးဆောင်လာမယ့်တိုက်စစ်ပိုင်းနဲ့အတူ ဗီလာရီးရဲယ်ကို အကောင်းဆုံး ဒုက္ခပေးနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်နောက်ခံလူ ဘိုနူချီက “ဗီလာရီးရဲယ်နဲ့ ရင်ဆိုင်ရတာက အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့ ပွဲနှစ်ပွဲဖြစ်လာပါလိမ့်မယ်။ ဗီလာရီးရဲယ်က ဘယ်လို ကစားရမယ်ဆိုတာကို ကောင်းကောင်းသိတဲ့ အသင်းတသင်းပါ”
“သူတို့က အတွေ့အကြုံလည်း ကောင်းကောင်းရှိပါတယ်။ ဒါပေမယ့် အခုဆိုရင် ကျနော်တို့အတွက် ဒူဆန်ဗလာဟိုဗစ်က ပြိုင်ဘက် ဂိုးဧရိယာထဲမှာရှိနေပြီး ပြိုင်ဘက်က ပိတ်ဆို့ကစားနေချိန်မှာတောင် ကျနော်တို့ ဘောလုံးကောင်းကောင်းပို့ပေးဖို့ ဗလာဟိုဗစ်ရှိနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။