ဆွီဒင်အခြေစိုက် ဈေးနှုန်းနှိုင်းယှဉ်တဲ့ဝန်ဆောင်မှု PriceRunner ဟာ Google ကုမ္ပဏီကို ယူရို ၂.၁ ဘီလျံ (ကန်ဒေါ်လာ ၂.၄ ဘီလျံ) ရလိုမှုနဲ့ တရားစွဲထားတယ်လို့ ဆိုပါတယ်။
ဥရောပတရားရုံးတစ်ခုက Google ကို EU ရဲ့ ဈေးကွက်ပြိုင်ဆိုင်ရေးဥပဒေတွေကို ချိုးဖောက်ကြောင်း စီရင်ချက်ချပြီးနောက် အခုလို လျော်ကြေးတောင်းဆိုလိုက်တာ ဖြစ်တယ်လို့ Engadget သတင်းက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ဥရောပသမဂ္ဂ EU ရဲ့ အထွေထွေတရားရုံးက Google ဟာ ပုံမှန် Organic ရှာဖွေရေးရလဒ်တွေထဲမှာ ယင်းရဲ့ ဈေးနှုန်းနှိုင်းယှဉ်တဲ့ Shopping Services ကို သုံးဖို့ ဈေးကွက်ဩဇာကို သုံးပြီး ပြိုင်ဘက်တွေကို အဆင့်အတန်းခွဲခြားခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

Photo: TechCrunch
Google Shopping ဝန်ဆောင်မှုဟာ ဥရောပကော်မရှင်ရဲ့ ၂၀၁၇ ဈေးကွက်ပြိုင်ဆိုင်ရေးဥပဒေချိုးဖောက်မှုနဲ့ ယူရို ၂.၄၂ ဘီလျံ (ဒေါ်လာ ၂.၈ ဘီလျံ) အထိ စံချိန်တင်ဒဏ်ရိုက်ခံရတာ ဖြစ်ပါတယ်။ ဒီလို ဒဏ်ရိုက်ခံရပြီးနောက်မှာ ဆွီဒင်အခြေစိုက် PriceRunner က Google ကို ယူရို ၂.၁ ဘီလျံ ရလိုကြောင်း တရားစွဲလိုက်တာ ဖြစ်ပါတယ်။
"နှစ်ပေါင်းများစွာ Google ကြောင့် နစ်နာခဲ့မှုအတွက် လျော်ကြေးတောင်းဆိုနေပါတယ်။ ဒါက Google ရဲ့ ပြီးခဲ့တဲ့ ၁၄ နှစ်တာကနေ ဒီနေ့အထိ ဈေးကွက်ပြိုင်ဆိုင်ရေးဥပဒေကို ချိုးဖောက်မှုကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ စားသုံးသူတွေအတွက်ပါ တရားစွဲလိုက်တာ ဖြစ်ပါတယ်။"လို့ PriceRunner အမှုဆောင်အရာရှိချုပ် မိုက်ကယ် လင်ဒါးက ဆိုပါတယ်။
PriceRunner ကတော့ Google ဟာ ဥရောပမှာ စိတ်ကြိုက်ခြယ်လှယ်တဲ့ပုံစံနဲ့ လုပ်နေပြီး EU ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို အခုထက်ထိ လိုက်နာခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ ဈေးကွက်ဩဇာကို တလွဲအသုံးချပြီး တခြားဈေးဝယ်ဝန်ဆောင်မှုတွေနဲ့ Google အကြား အကျိုးအမြတ်နဲ့ ဈေးဝယ်လာသူတွေကို ခွဲခြားဆက်ဆံခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။
Search Result ဘေးမှာ Shop Now feature ထည့်သွင်းထား (Photo: Tech Crunch)
"ဈေးကွက်ချိုးဖောက်မှုတွေက နေ့တိုင်းဆိုသလို ထိခိုက်နစ်နာမှုတွေကို ဆက်ဖြစ်စေတာကြောင့် တရားစွဲဆိုမှုရဲ့ နောက်ဆုံးနစ်နာမှုပမာဏဟာ သိသိသာသာမြင့်တက်သွားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်"လို့ PriceRunner က ဆိုပါတယ်။
PriceRunner ဟာ နောဒစ်ဒေသတွင်းမှာ အကြီးဆုံး လွတ်လပ်တဲ့ဈေးနှုန်းနှိုင်းယှဉ်မှု ဝန်ဆောင်ရေးတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံတလွှား စတိုးဆိုင်ပေါင်း ၂၂၅၀၀ ဆီကနေ ထုတ်ကုန်ပေါင်း ၃.၇ သန်းကျော်ကို ရွေးချယ်နိုင်အောင် ဝန်ဆောင်မှုပေးနေတာလို့ ဆိုပါတယ်။ Google ကတော့ EU ထိပ်တန်းတရားရုံးရဲ့ ဒေါ်လာ ၂.၈ ဘီလျံ ဒဏ်ရိုက်မှုကို ပယ်ဖျက်ပေးဖို့ ပြီးခဲ့တဲ့လထဲမှာ ကန့်ကွက်လျှောက်ထားခဲ့ပါတယ်။