• Featured

    ရိုဟင်ဂျာဒုက္ခသည်တွေ Facebook ဆီက ဒေါ်လာဘီလျံ ၁၅၀ ကျော် လျော်ကြေးတောင်း

အမုန်းစကားကြောင့် အကြမ်းဖက်မှုတွေ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်

ရိုဟင်ဂျာဆန့်ကျင်ရေးအမုန်းစကားကြောင့် အကြမ်းဖက်မှုတွေ ပေါ်ပေါက်စေတဲ့အပေါ် အရေးယူခြင်းမပြုခဲ့ဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ Facebook လူမှုကွန်ရက်ကုမ္ပဏီကို ရိုဟင်ဂျာဒုက္ခသည်တွေက တရားစွဲထားပါတယ်။

Facebook လို့ လူသိများခဲ့တဲ့ Meta Platforms Inc ကို ရိုဟင်ဂျာဒုက္ခသည်တွေက ကယ်လီဖိုးနီးယားတရားရုံးမှာ ဒေါ်လာ ၁၅၀ ဘီလျံကျော် လျော်ကြေးရလိုကြောင်း တရားစွဲလိုက်တာ ဖြစ်တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ အကြမ်းဖက်မှုကို ဖြစ်စေခဲ့တဲ့ အမုန်းစကားပြန့်ပွားမှုကို Facebook ပလက်ဖောင်းပေါ်က ဖယ်ရှားဖို့ ပျက်ကွက်ခဲ့တာကြောင့် အခုလို တရားစွဲခဲ့တာလို့လည်း ဆိုပါတယ်။ 

image

Photo: NY Times


တရားရုံးစွဲချက်မှာ Facebook ရဲ့ Algorithms တွေဟာ သတင်းမှားတွေ နဲ့ အစွန်းရောက်အတွေးအခေါ်တွေ ပိုမြင့်တက်စေခဲ့တယ်လို့ ဆိုပါတယ်။ "ငြင်းလို့မရတဲ့ အမှန်တရားတစ်ခုက Facebook ရဲ့ ကြီးထွားလာမှုဟာ အမုန်းတရား ၊ ခွဲခြားမှုနဲ့ တလွဲသတင်းတွေရဲ့ တွန်းအားကြောင့် ဆိုတာပါပဲ။ ဒါကြောင့်ပဲ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေရဲ့ အသက်တွေ ဆုံးရှုံးပျက်စီးစေခဲ့ပါတယ်" လို့ တရားရုံး တိုင်ချက်မှာ ဖော်ပြထားပါတယ်။ 

Facebook ဟာ အမုန်းစကားတွေ ဖြန့်ဖြူးမှု ခွင့်ပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံကိစ္စမှာ ပိုပြီး ခေါင်းခဲစရာတွေ ကြုံခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူး ခရစ္စတိုဖာ ဆစ်ဒိုတီကလည်း Facebook အနေနဲ့ မြန်မာနိုင်ငံမှာ အမုန်းစကား ပြန့်ပွားနေမှုတွေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်မှုတွေကို လုံလောက်တဲ့ ဟန့်တားနိုင်မှု မရှိသေးဘူးလို့ ဝေဖန်ခဲ့ပါတယ်။ 

ကုမ္ပဏီဝန်ထမ်းဟောင်း ဖရန့်စ ဟော်ဂန်ကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလက ကန်လွှတ်တော်ကို ပြောကြားရာမှာ Facebook ဟာ တချို့နိုင်ငံတွေမှာ လူမျိုးရေး အကြမ်းဆူပူမှုဖြစ်အောင် လှုံ့ဆော်နေတယ်လို့ ပြောခဲ့ပါတယ်။ လောလောဆယ် ရိုဟင်ဂျာတွေရဲ့ တရားစွဲမှုအပေါ် Facebook ဘက်က မှတ်ချက်ချခြင်း မရှိသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က