ရုရှားသမ္မတ ပူတင်ဟာ သူ့ရဲ့ လက်ရွေးစင်အသင်းတွေ၊ ကလပ်အသင်းတွေအပေါ် အားကစားလောကအသိုင်းအဝိုင်းက ဝိုင်းဝန်းအရေးယူနေတာတွေနဲ့ ပတ်သက်လို့ တန်ပြန်ခြိမ်းခြောက်မှုတခုကို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဒီခြိမ်းခြောက်မှုက တကမ္ဘာလုံးက လူသားမျိုးနွယ်စုတခုလုံးကို ခြိမ်းခြောက်လိုက်တာဖြစ်ပြီး ကမ္ဘာစစ်ဆီကို ဦးတည်နေပြီလားလို့ မေးခွန်းထုတ်ရမှာပါ။

လက်ရှိအချိန်မှာ ရုရှားလက်ရွေးစင်အသင်းကို ဖီဖာနဲ့ ယူအီးအက်ဖ်အေက ပြိုင်ပွဲတွေက ထုတ်ပယ်ထားပြီး ဒီလအတွင်း ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ရုရှားတို့ ပါဝင်ကစားခွင့်ရှိမှာမဟုတ်ပါဘူး။ တဖက်မှာလည်း ရုရှားနဲ့ခြေစစ်ပွဲ လမ်းကြောင်းတခုတည်းကျရောက်နေတဲ့ ပိုလန်၊ ဆွီဒင်နဲ့ချက်တို့ကလည်း ရုရှားနဲ့ မကစားနိုင်ဘူးလို့ ဆိုထားပါတယ်။

ယူအီးအက်ဖ်အေကလည်း ရုရှားကလပ်တွေကို သက်ဆိုင်ရာပြိုင်ပွဲတွေကနေ အသီးသီး ထုတ်ပယ်ထားပြီးဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပူတင်က “ရုရှားက (၂၀၂၂) ကမ္ဘာ့ဖလားမှာ ကစားခွင့်ရရင် ရပေါ့၊ တကယ်လို့ ရုရှားမကစားရဘူးဆိုရင် အဲ့ဒီကမ္ဘာ့ဖလားပြိုင်ပွဲလည်း ရှိလာနိုင်မှာမဟုတ်ဘူး” လို့ ခြိမ်းခြောက်လိုက်တာဖြစ်ပါတယ်။
ပူတင်ရဲ့ ဒီပြောစကားက ခြိမ်းခြောက်မှုကြီးမားတဲ့ ပြောစကားတွေဖြစ်ပြီး သူ့ရဲ့ နျူကလီးယားတပ်ဖွဲ့တွေကို တပ်လှန့်ထားမှုနဲ့အတူ ကမ္ဘာစစ်ဆီကို ဦးတည်နေပြီလား သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ယူကရိန်းကို ရုရှားတို့ ကျူးကျော်စစ်ဆင်နွှဲနေတာကြောင့် တကမ္ဘာလုံးက ရုရှားနဲ့ ပတ်သက်သမျှ အရာအားလုံးကို အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်လျက်ရှိပါတယ်။
ရုရှားလက်ရွေးစင်အသင်းကလည်း သူတို့ကို အခုလိုမျိုး ပြိုင်ပွဲတွေကနေ ထုတ်ပယ်ထားတဲ့အပေါ် နိုင်ငံတကာ အားကစားခုံရုံးမှာ ဖီဖာနဲ့ယူအီးအက်ဖ်အေတို့ကို တရားစွဲဆိုထားပါတယ်။ ယူအီးအက်ဖ်အေကတော့ ရုရှားနဲ့အတူ ပူးပေါင်းနေတဲ့ ဘီလာရုစ်ကိုပါ အိမ်ကွင်းမှာ ပွဲကျင်းပခွင့်မပေးဘဲ ကြားကွင်းမှာလည်း ဘီလာရုစ်ပရိသတ်တွေ ဝင်ခွင့်မပေးဘူးဆိုတဲ့ ပြစ်ဒဏ်ကိုပါ ထပ်တိုးချမှတ်လိုက်ပါသေးတယ်။