မက်ဆီဟာ လက်ရှိအချိန်မှာ မိုင်ယာမီကို ရောက်ရှိနေပြီဖြစ်ပြီး အင်တာမိုင်ယာမီကလည်း မက်ဆီကို ခေါ်ယူနိုင်ကြောင်း ဒီနေ့မှာပဲ တရားဝင်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ မက်ဆီဟာ မိုင်ယာမီကို ရောက်ရှိပြီးတဲ့နောက် မြို့ထဲမှာ သာမန်လူတစ်ယောက်လိုပဲ လွတ်လွတ်လပ်လပ် သွားလာနေခဲ့ပြီး စျေးဝယ်ထွက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် မထင်မှတ်ဘဲ မက်ဆီကို လူတွေက တဖြည်းဖြည်း သတိထားမိလာခဲ့တဲ့နောက် အဆိုပါ အာဂျင်တီးနား လက်ရွေးစင်အသင်းခေါင်းဆောင်က ဒီအခြေအနေကနေ အမြန်ဆုံး ရုန်းထွက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ မက်ဆီဟာ ဇနီးသည် အန်တိုနယ်လာ၊ သားနှစ်ယောက်တို့နဲ့အတူ မိုင်ယာမီမြို့တွင်းက စတိုးဆိုင်တစ်ခုအတွင်းမှာ စျေးဝယ်ထွက်နေခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာပဲ ပရိသတ်တွေက သူ့အနားကို တဖြည်းဖြည်းနဲ့ အုံလာခဲ့ပြီး မက်ဆီနဲ့အတူ ဓာတ်ပုံတွဲရိုက်ဖို့၊ အမှတ်တရ လက်မှတ်ရေးထိုးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ မက်ဆီကတော့ ဒီလိုမျိုး ရင်ဆိုင်ရချိန်မှာ ဇနီးသည် အန်တိုနယ်လာထံ အပ်ထားတဲ့ သူ့ရဲ့ ကားသော့ကို ပြန်တောင်းပြီး ကားထဲမှာပဲ သွားထိုင်နေဖို့ ဆုံးဖြတ်ခဲ့ဟန်ရှိပါတယ်။
မက်ဆီတစ်ယောက် ဒီလိုမျိုး အန်တိုနယ်လာဆီက ကားသော့တောင်းပြီး လစ်ထွက်ဖို့ ကြိုးစားခဲ့တာက ပရိသတ်တွေအကြား တော်တော် ရေပန်းစားနေပြီး ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကလည်း နောက်ပြောင်လျက်ရှိပါတယ်။ ပရိသတ်တွေက “မက်ဆီက စစချင်းတော့ ဘယ်သူမှ သူ့အနားမလာဘဲ လွတ်လွတ်လပ်လပ် နေရပြီလို့ တွေးနေမှာပါ”
“ဒါပေမယ့် နောက်ဆုံးမှာတော့ သူ့အထင် မှားသွားပြီလို့ တွေးခဲ့ပုံရပါတယ်” “မက်ဆီက အန်တိုနယ်လာဆီက ကားသော့တောင်းနေတာက ဒီနေ့မြင်ဖူးသမျှထဲမှာ အရယ်ရဆုံးပဲ” “ဒါက ရယ်စရာတော့ မဟုတ်ပါဘူး။ မက်ဆီကို ကြည့်ရတာ တစ်ခုခုကို စိုးရိမ်နေပုံရပြီး သူက အဲ့ဒီနေရာကနေ ကလေးတွေကို ခေါ်ပြီး အမြန်ဆုံး လွတ်မြောက်သွားချင်ပုံပါပဲ” “ပရိသတ်တွေကလည်း ဒါတွေက လူသားတွေ၊ ခံစားချက်ရှိတယ်ဆိုတာကို မေ့လျော့ချင်ယောင် ဆောင်ထားကြပါတယ်” လို့ အသီးသီး မှတ်ချက်ပေးသွားခဲ့ပါတယ်။