Amazon UK ဟာ Visa က ထုတ်ပေးတဲ့ Credit Card တွေနဲ့ ငွေချေတာကို လက်ခံမှု ရပ်ဆိုင်းလိုက်ပြီလို့ ဆိုပါတယ်။
ငွေဖြတ်နှုန်း မြင့်တာကြောင့် နောက်နှစ်ကစပြီး ယူကေမှာ ထုတ်ပေးထားတဲ့ Visa Credit Cards ကို လက်ခံတော့မှာ မဟုတ်ဘူးလို့ Amazon Inc က ပြောတာပါ။ Visa Credit Cards တွေ နဲ့ ငွေချေမှု လက်မခံတာကို ဇန်နဝါရီ ၁၉ ရက်နေ့ကစပြီး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Photo: MarketWatch
Visa ရဲ့ ယူကေထုတ် Credit ကတ်တွေက ငွေရှင်းရာမှာ ကောက်ခံတဲ့ကြေးမြင့်တာကြောင့် အခုလို ဆုံးဖြတ်လိုက်တာလို့ Amazon က ကြေညာပါတယ်။ Visa Debit Cards တွေနဲ့ ဈေးဝယ်တာကိုတော့ လက်ခံဦးမယ်လို့ ဆိုပါတယ်။
“Card ငွေချေမှုတွေကို လက်ခံရတဲ့ စရိတ်က ဖောက်သည်တွေကို အကောင်းဆုံးဈေးနှုန်းနဲ့ ပေးနိုင်ဖို့ အဟန့်အတားဖြစ်နေပါတယ်။ ဒီကုန်ကျစရိတ်တွေ အခုလို နည်းပညာဖွံ့ဖြိုးမှုနဲ့အတူ ပိုပြီး သက်သာလာရမှာပါ။ ဒီလို သက်သာရမယ့်အစား ပိုလို့တောင် ဈေးတင်လာပါတယ်။” လို့ Amazon ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက Sky News ကို ပြောပါတယ်။
Visa ဟာ အီးယူကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်တဲ့ Brexit ကို အခွင့်ကောင်းဘူပြီး ယူကေနဲ့ EU အကြား နယ်စပ်ဖြတ်ကျော် ငွေလွှဲနှုန်းတွေကို မြှင့်လိုက်တာ ဖြစ်ပါတယ်။ Brexit မတိုင်ခင်က ယူကေ ကုန်သည်တွေနဲ့ ကတ်သုံးစွဲသူတွေဟာ ဥရောပကော်မရှင်က သတ်မှတ်ထားတဲ့အတိုင်း ငွေလဲနှုန်း ၀.၃% နဲ့ အသုံးပြဒခဲ့ကြတာပါ။
Photo: ITV
ဥရောပကနေ နှုတ်ထွက်ခဲ့ပြီးနောက် Visa ဟာ အွန်လိုင်းနဲ့ ဖုန်းပေါ်ကနေ ဝယ်ယူမှုတွေအတွက် ၁.၅% အထိ ကောက်ခံလာပါတယ်။ Debit Card ငွေရှင်းမှုအတွက် နှုန်းထားဟာ ဇန်နဝါရီလကစပြီး ၀.၂% ကနေ ၁.၁၅% အထိ တက်လာမှာ ဖြစ်ပါတယ်။
Visa Credit Card ကိုပဲ အမြဲသုံးတဲ့ Amazon ဖောက်သည်တွေအနေနဲ့ တခြားကတ်တစ်မျိုးမျိုး ပြောင်းဖို့လည်း Amazon က အကြံပြုပါတယ်။ Visa ကတော့ Amazon ရဲ့ ဖောက်သည်ရွေးချယ်မှု ကန့်သတ်တဲ့အပေါ် စိတ်ပျက်ကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။