စပိန်လူမျိုး ညာနောက်ခံလူ ဘယ်လာရင်က လက်ရှိယူကရိန်းအရေးနဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်တွေကို ပွင့်ပွင့်လင်းလင်း ပြောကြားလာခဲ့ပါတယ်။ ဘက်တစ်မှာ ကစားနေတဲ့ အာဆင်နယ်ကစားသမားဟောင်းက လက်ရှိ ယူကရိန်းစစ်ပွဲကျမှ နိုင်ငံကြီးတွေက ဆန့်ကျင်ဝေဖန်နေကြတာဟာ လူမျိုးရေးခွဲခြားမှုတခုပဲလို့ ယုံကြည်နေပါတယ်။
ယူကရိန်းကို ရုရှားတို့ ကျူးကျော်နေတဲ့အပေါ် ကမ္ဘာတဝန်းက ပြင်းပြင်းထန်ထန် ကန့်ကွက်နေပြီး ကမ္ဘာ့ဘောလုံးလောက,ကလည်း ရုရှားနဲ့ ပတ်သက်သမျှကို အရေးယူ ပိတ်ဆို့နေကြပါတယ်။ အဲ့ဒီအပေါ်မှာ ဘယ်လာရင်က အခုလိုပဲ ပြောကြားလာတာဖြစ်ပါတယ်။
ဘယ်လာရင်က “အရင့်အရင် စစ်ပွဲတွေထက် အခု ယူကရိန်းစစ်ပွဲကျမှ ကျနော်တို့က ပိုပြီးစိတ်ဝင်စားနေကြတာကို မြင်ရတာ အတော်လေး ခက်ခဲပါတယ်။ ဒီလိုတွေ စိတ်ဝင်စားတာက သူတို့က ကျနော်တို့လို ဥရောပလူမျိုးတွေပဲမို့လို့လား ဒါမှမဟုတ် ဒီစစ်ပွဲကြောင့် စီးပွားရေးနဲ့ ဒုက္ခသည်အရေးတွေအရ ရိုက်ခတ်မှုရှိလာနိုင်လို့လားဆိုတာ ကျနော် သေချာမသိပါဘူး”
“ပါလက်စတိုင်းစစ်ပွဲတုန်းက လုံးဝကို ပါးစပ်ပိတ်နေကြတာဗျ။ ဘယ်သူမှ ဒီအကြောင်းကို မဖွင့်ဟကြပါဘူး။ ယီမင်၊ အီရတ်တို့မှာလည်း ဖြစ်ခဲ့တာပဲလေ။ အခု ရုရှားအလှည့်ကျတော့ ကမ္ဘာ့ဖလားပါ ကစားခွင့်မရတော့ပါဘူး။ သူ့မတိုင်ခင်က အခြားနိုင်ငံတွေလည်း နှစ်ပေါင်းများစွာကြာအောင် ဒါမျိုးတွေဖြစ်ခဲ့တာပါ”
“ဒါက လူမျိုးရေးခွဲခြားမှုပါ။ အခြားပဋိပက္ခတွေတုန်းက မျက်စိစုံမှိတ်ပေးနေကြပြီး အခုမှ ဒါမျိုးရပ်တည်နေတာက လူမျိုးရေးခွဲခြားတာနဲ့အတူတူပါပဲ။ ပဋိပက္ခပေါင်းများစွာမှာ ဆုံးရှုံးခဲ့ရတဲ့အသက်ပေါင်းများစွာအတွက် ကျနော်တို့က မစာနာခဲ့ဘဲ ကိုယ့်အနီးအနားမှာဖြစ်တဲ့အရာကိုပဲ ဦးစားပေးနေကြတာပါ” လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။
တူရကီက ကစားသမားတယောက်ကလည်း ယူကရိန်းအရေးအတွက် “စစ်ပွဲတွေရပ်” ဆိုတဲ့ စာသားပါ ရှပ်အင်္ကျီကို ဝတ်ဆင်ဖို့ ငြင်းဆန်ခဲ့ဖူးပြီး သူ့ရဲ့ဖြေရှင်းချက်ကလည်း အခု ဘယ်လာရင် ပြောဆိုခဲ့တဲ့ အကြောင်းရင်းတွေနဲ့ အတူတူပဲဖြစ်ခဲ့ပါတယ်။