ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက လီဗာပူးနဲ့ပွဲမတိုင်ခင်မှာ သူ့အသင်းက လီဗာပူးလို အဆင့်အတန်းမျိုးကို မရောက်သေးဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံနောက်ဆုံး (၈) ပွဲမှာ (၃) ပွဲသာ အနိုင်ရထားပြီး ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ အသင်းတစ်သင်းပါ။

လီဗာပူးကတော့ ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲရယူထားတဲ့အပြင် ပရီးမီးယားလိဂ်မှာလည်း ရမှတ် (၁၈) မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေကာ အဆင့် (၆) နေရာက ယူနိုက်တက်ကို (၄) မှတ်ဖြတ်ထားပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး (၃) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး လီဗာပူးနဲ့ကစားမယ့်ပွဲမှာတော့ မဖြစ်မနေ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ဖို့ လိုအပ်နေပါပြီ။ ဒါပေမယ့်လည်း ဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ ဆိုးလ်ရှားက အခုလိုပဲ ဝန်ခံပြောကြားခဲ့ပါတယ်။
ဆိုးလ်ရှားက “လီဗာပူးရဲ့ နောက်ဆုံး (၄) နှစ်အတွင်း စွမ်းဆောင်ခဲ့တဲ့ အဆင့်အတန်းတစ်ခုကို လိုက်မှီနိုင်ဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ အခုထက် ပိုမိုတိုးတက်ဖို့ လိုအပ်နေသေးတာကို သိထားပါတယ်။ ကမ္ဘာပေါ်နဲ့ ဥရောပက အကောင်းဆုံးအသင်းတွေကို ရင်ဆိုင်တဲ့အခါ ရလဒ်ကောင်းရဖို့ အရာအားလုံးကို လုပ်ဆောင်ရပါလိမ့်မယ်”
“လီဗာပူးက အဲ့ဒီလိုအသင်းမျိုးတွေထဲက တစ်သင်းပါ။ ကျွန်တော်တို့ မှီအောင်လိုက်နေရတဲ့အသင်းတွေထဲမှာ လီဗာပူးလည်း တစ်သင်းအပါအဝင်ပါ။ ပြီးခဲ့တဲ့ (၄) နှစ်လုံးလုံး ကျွန်တော်တို့က သူတို့ကိုကျော်တက်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကတော့ သူတို့ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အခုချိန်မှာတော့ သူတို့ရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိနေပါပြီ”
“နောက်ဆုံး (၈) နှစ်အတွင်း ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားမရခဲ့ပါဘူး။ မန်စီးတီး၊ လီဗာပူးတို့က အမှတ်ပေးချန်ပီယံဆုအတွက် အဆင်သင့်ရှိနေပြီး သူတို့ရဲ့အရည်အချင်းက လုံလောက်မှုရှိတာကိုလည်း ခင်ဗျားစဥ်းစားမိမှာပါ။ ကျွန်တော်တို့အသင်းမှာလည်း အခုလိုမျိုး ဆက်လက်တိုးတက်ဖို့ လိုအပ်နေတဲ့ ကစားသမားတွေရှိနေပါသေးတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ လီဗာပူးနဲ့ကစားမယ့်ပွဲအတွက် အဓိက, ကစားသမားနှစ်ယောက် သုံးယောက်ခန့် လွဲချော်မယ်လို့ သိရပြီး နောက်ခံလူ ဗာရန်းက သေချာပေါက်လွဲချော်ဖွယ်ရှိသလို ဘရူနိုဖာနန်ဒက်စ်၊ ရပ်ရှ်ဖို့ဒ်တို့လည်း ဒဏ်ရာကြောင့် ပါဝင်ဖို့ မသေချာသေးဘူးလို့ သိရှိရပါတယ်။