• Featured

    ဇူလိုင် ၂၁ ရက်ကစပြီး YBS ယာဉ်တွေမှာ ကတ်စနစ်နဲ့ ကားခပေးချေရမည်

ဇူလိုင် ၁၆ ရက်မှာ ကတ်တွေ ရောင်းချပေးမှာပါ။

ဇူလိုင် ၂၁ ရက်ကစပြီး YBS ယာဉ် ၅၉၇ စီးမှာ ကတ်စနစ်နဲ့ ကားခပေးချေနိုင်ပြီလို့ Asia Starmar ကုမ္ပဏီက ဒီကနေ့ ဇူလိုင်လ ၈ ရက်နေ့မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာလိုက်ပါတယ်။

ကတ်စနစ်အသုံးပြုမယ့် ယာဉ်လိုင်းတွေကတော့ YBPC ကုမ္ပဏီမှ ဘတ်စ်ကား ၃၆၃ စီး၊ ဗန္ဓုလ ကုမ္ပဏီမှ ဘတ်စ်ကား ၂၃၄ စီး ပြေးဆွဲသွားမှာဖြစ်ပြီး ယာဉ်နံပါတ် ၄၃၊ ၆၂၊ ၇၂၊ ၈၇၊ ၈၈၊ ၈၉၊ ၉၆၊ ၁၂၊ ၁၄၊ ၂၅၊ ၃၀၊ ၃၈၊ ၅၅ အစရှိတဲ့ ယာဉ်တွေမှာ ကတ်စနစ်ကို တပ်ဆင်သုံးစွဲသွားမယ်လို့သိရပါတယ်။

“ ယာဉ်အစီးရေ ၅၉၇ စီးကို မိတ်ဆက်အနေနဲ့ ဇူလိုင် ၂၁ ရက်စပြီးသုံးမယ်။ ကျွန်မတို့ ၅ ရက်ကြိုပြီးတော့ ကတ်တွေ စရောင်းမယ်။ လာမယ့် ဇူလိုင် ၁၆ ရက်ကစပြီး ကတ်တွေ ရောင်းမယ်၊ ငွေဖြည့်ဝန်ဆောင်မှုတွေ စလုပ်လို့ရမှာပါ။ “ လို့ Asia Starmer Company မှ Chief Marketing Officer မအိအိခင်က ပြောခဲ့ပါတယ်။

ကတ်စနစ် အသုံးပြုလိုတဲ့သူတွေအနေနဲ့ G & G Convenience Store ပေါင်း ၁၀၂ ဆိုင်မှာ ဝယ်ယူရရှိနိုင်ပြီး Yangon Payment Services (YPS) စင်တာ ၃ ခု ဆူးလေ၊ သမိုင်းနဲ့ တာမွေတို့မှာလည်း ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

YPS ကတ်ဈေးနှုန်းက တစ်ကတ်ကို ၂၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး ငွေဖြည့်ပမာဏအနေနဲ့ အနည်းဆုံး ၁၀၀၀ ကျပ်ကနေ အများဆုံး ၅၀၀၀ ကျပ်အထိ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်တယ်လို့လည်း ကြေညာထားပါတယ်။ လက်ရှိမှာ ယာဉ်စီးရေ ၅၉၇ စီးနဲ့ စတင်မှာဖြစ်ပေမယ့် သြဂုတ်လအတွင်းမှာနောက်ထပ် ယာဉ်စီးရေ ၆၀၀ ကျော်မှာ တပ်ဆင်အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က