ကမ္ဘောဒီးယားနိုင်ငံကမ်းခြေ အပန်းဖြေနေရာတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဆောက်လက်စ အဆောက်အအုံ ပြိုကျမှုဖြစ်ရပ်မှ အပျက်အစီးအတွင်း နောက်ထပ် အသက်ရှင်ကျန်ရစ်သူတွေ ရှာဖွေတွေ့ရှိနိုင်ဖွယ် မရှိတော့ကြောင်း သိရပါတယ်။

(Photo: Reuters)
ပြိုကျသွားခဲ့တဲ့ အထပ်ခုနစ်ထပ်ပါ အဆောက်အအုံ အပျက်အစီးများထဲမှ အလောင်းတွေကို ယနေ့ (ဇွန် ၂၄ ရက်) ဆက်လက် ထုတ်ယူနေပြီး လက်ရှိအချိန်အထိ သေဆုံးသူအရေအတွက် ၂၄ ဦးရှိပြီ ဖြစ်ပါတယ်။ အဆိုပါ အဆောက်အအုံကို Sihanoukville ကမ်းခြေမြို့လေးမှာ တရုတ်ကုမ္ပဏီတစ်ခုက ဆောက်လုပ်နေတာဖြစ်ပြီး ဇွန်လ ၂၂ ရက် မနက်အစောပိုင်းက ပြိုကျခဲ့တာဖြစ်ပါတယ်။
(Photo: AFP)
Preah Sihanouk ပြည်နယ် အာဏာပိုင်တွေက အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူအရေအတွက် ၂၄ ဦးဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဒဏ်ရာရသူဦးရေကလည်း ၂၄ ဦးဖြစ်တယ်လို့ ဆိုပါတယ်။ အဆောက်အအုံပြိုကျမှုနဲ့ ပတ်သက်ပြီး ပိုင်ရှင်ဖြစ်သူ တရုတ်လူမျိုး၊ ဆောက်လုပ်ရေးလုပ်ငန်း အကြီးအကဲ၊ ကန်ထရိုက်တာနဲ့ ကမ္ဘောဒီးယား မြေပိုင်ရှင်တို့ကို ဖမ်းဆီးထိန်သိမ်းထားတယ်လို့ ဆိုပါတယ်။
ပြိုကျခဲတဲ့ အဆောက်အအုံဟာ ၈၀ ရာခိုင်နှုန်းနီးပါး တည်ဆောက်မှုပြီးစီးနေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကာစီနိုလောင်းကစားရုံများရှိပြီး တရုတ်ပြည်မကြီးရှိ ခရီးသွားတွေကို ဆွဲဆောင်နိုင်တာကြောင့် လတ်တလော နှစ်များအတွင်း Sihanoukville ကမ်းခြေမြို့မှာ တရုတ်ကုမ္ပဏီတွေက လာရောက်ရင်းနှီးမြှုပ်နှံမှု အများအပြားရှိလာခဲ့ပါတယ်။
(Photo: Reuters)
ကမ္ဘောဒီးယား ကမ်းခြေမြို့ Sihanoukville မှာ တရုတ်လူမျိုးပိုင်ဆိုင်တဲ့ ကာစီနိုရုံ ၅၀ ဝန်ကျင်းရှိပြီး ဒါဇင်နဲ့ချီတဲ့ ဟိုတယ်တွေကိုလည်း ဆောက်လုပ်နေပါတယ်။ ၂၀၁၆ နဲ့ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ Preah Sihanouk ပြည်နယ်မှာ တရုတ်အစိုးရနဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရှိခဲ့တယ်လို့ တရားဝင်း စာရင်းအချက်အလက်တွေအရ သိရှိရပါတယ်။