ပြီးခဲ့တဲ့ (၂၀၂၀) မှာ ဘာစီလိုနာကနေ အက်သလက်တီကို,ကို ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ နည်းပြ ရော်နယ်ကိုးမန်းနဲ့ သူ့အကြား ဖုန်းခေါ်ဆိုချိန် စက္ကန့် (၄၀) အတွင်း အရာအားလုံး ပြောင်းလဲခဲ့တယ်လို့ဆိုပါတယ်။

ဆွာရက်ဇ်ဟာ ဘာစီလိုနာ ကစားသမားဘဝ (၆) နှစ်တာကာလအတွင်း အသင်းအတွက် (၁၉၈) ဂိုးသွင်းယူပေးနိုင်ခဲ့သလို လာလီဂါ ချန်ပီယံဆု (၄) ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့သူပါ။
ဒါပေမယ့်လည်း ရော်နယ်ကိုးမန်း ဘာစီလိုနာကို ရောက်လာချိန်မှာ အရာအားလုံးက အပြောင်းအလဲဖြစ်သွားခဲ့ပြီး ဆွာရက်ဇ်ကလည်း ဘာစီလိုနာကို စွန့်ခွာခဲ့ရပါတယ်။ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ အက်သလက်တီကိုနဲဘာစီလိုနာပွဲမှာလည်း ဆွာရက်ဇ်က အက်သလက်တီကိုအတွက် ဂိုးသွင်းယူပြီး ဖုန်းခေါ်ဆိုဟန်နဲ့ ရော်နယ်ကိုးမန်းကို လှောင်ပြောင်အောင်ပွဲခံခဲ့ပါသေးတယ်။
ဒါနဲ့ပတ်သက်လို့ ဆွာရက်ဇ်က “ကျွန်တော် သူ့ရဲ့အစီအစဥ်မှာ မပါတော့ဘူးဆိုတာကို ရော်နယ်ကိုးမန်း ဖုန်းဆက်ပြောချိန်က စက္ကန့် (၄၀) လောက်ပဲကြာပါတယ်။ ဒါက အသင်းဂန္တဝင်တစ်ယောက်အတွက် ကောင်းမွန်တဲ့ နှုတ်ဆက်ခြင်းမဟုတ်ပါဘူး”
“ပထမဆုံး သူက ကျွန်တော် သူ့အစီအစဥ်တွေမှာ မပါဝင်တော့ဘူးလို့ ပြောပါတယ်။ နောက်တော့ စာချုပ်သက်တမ်းမတိုးတော့ဘူးပြောပါတယ်။ သူက ကျွန်တော့်ကို အလိုမရှိတာလား၊ အသင်းက ကျွန်တော့်ကို အလိုမရှိတာလားဆိုတာကို သူ ရှင်းရှင်းလင်းလင်းပြောဖို့ ပျက်ကွက်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သူ အသင်းကထွက်ခွာချိန်မှာပဲ မက်ဆီပါ အသင်းကထွက်ဖို့ အစီအစဥ်ရှိခဲ့ပုံကိုလည်း ဆွာရက်ဇ်က “အခုချိန်က ဘာစီလိုနာအတွက် ခက်ခဲတဲ့နေ့ရက်တွေကို ဖြတ်သန်းနေရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အသင်းအတွက် အရာအားလုံးကို ပေးဆပ်ခဲ့တာပါ”
“ရော်နယ်ကိုးမန်းဆီက ဖုန်းရပြီးတော့ ကျွန်တော့်ဇနီး ဆိုဖီယာရယ်၊ မက်ဆီရယ်နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်က အရာအားလုံး ရှုပ်ထွေးနေတဲ့နှစ်တစ်နှစ်ပါ။ မက်ဆီကလည်း ဘာစီလိုနာက ထွက်ခွင့်တောင်းနေပြီး ကျွန်တော်ဆိုလည်း ထွက်လိုက်ရပါတယ်။ ကျွန်တော်တို့ မိသားစုနှစ်ခုအတွက် အရမ်းကို ဆိုးရွားခဲ့တဲ့အချိန်တွေပါ” လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဘာစီလိုနာလည်း ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး ရော်နယ်ကိုးမန်းရဲ့ ဘာစီလိုနာနည်းပြဘဝကလည်း မကြာခင်အချိန်မှာပဲ အဆုံးသတ်ဖို့ ရှိနေပြီဖြစ်ပါတယ်။