• Featured

    အစာအိမ်လေနာ ဘာ‌ကြောင့်ဖြစ်လဲ၊ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ

လေထိုး၊ လေအောင့်၊ ဗိုက်အောင့်ဗိုက်နာ စတာတွေက လူတွေ နေ့စဥ်ကြုံတွေ့ရပေမဲ့ မကုသဘဲ အမှုမဲ့အမှတ်မဲ့ မနေသင့်တဲ့အရာပါ။

လေထိုးလေအောင့်တာတွေကြောင့် လူးလိမ့်ခံနေရတာတွေ၊ လူကြားသူကြားမ‌ေရှာင်နိုင်အောင် လေလည်မိတာတွေ၊ လေနဲ့ ဝမ်းမကွဲတာတွေ စတဲ့ဝေဒနာတွေကို မခံစားဖူးသူ မရှိသလောက်ပါပဲ။ဒီလိုမျိုး ကိုယ့်ကို အမြဲဒုက္ခပေးနေတဲ့ လေနာ‌ေရာဂါပြဿနာက ရိုးရိုးကုသနိုင်တဲ့ ‌ရောဂါတစ်ခုလား။ နောက်ဆက်တွဲ ဘယ်လို ရောဂါဖြစ်လာနိုင်သလဲဆိုတာ အထွေထွေအထူးကု သမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အခုလို အကြံပြုဝေမျှထားပါတယ်။

အစာအိမ်လေနာခြင်းက အစပြုပြီး ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါများ

လေ‌ရောဂါဆိုတာ အစားစားလိုက်တဲ့အခါ ဗိုက်နာတယ်။ ဗိုက်အောင့်တယ်လို့ ထင်ကြတယ်။ ဒီလိုဝေဒနာတွေအပြင် အစာအိမ်၊ အူလမ်းကြောင်းပြဿနာတွေကြောင့်လည်း လေနာ‌‌ရောဂါဆိုတာဖြစ်တတ်ပါတယ်။ ဒါကြောင့် လေရောဂါနဲ့ ပတ်သက်ပြီး ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကို ကြည့်ရအောင်။

၁။ အစာမကြေခြင်း၊ ရင်ပြည့် လေပွခြင်း။

၂။ အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း။

(အစာအိမ်‌‌ရောင်တယ်ဆိုတာ အစာစားလိုက်တဲ့အခါ ရင်ခေါင်းဝကနေ ပူလာတာ၊ နာလာတာ၊ အောင့်လာတာမျိုးပါ။ အဲဒီအထဲမှာမှ အစာအိမ်အနာပေါက်သွားတဲ့အခါ အစာအိမ်က မခံနိုင်အောင် တအားနာပြီးတော့ ဆေးရုံရောက်မှ အသက်ကယ်နိုင်တဲ့အနေအထားထိ ဖြစ်လာနိုင်တယ်ဆိုတာကို သတိပြုပါ။)

Photo - Freepik

၃။ အူသိမ်ယောင်ရမ်းခြင်း

အူလမ်းကြောင်းကြောင့်လည်း လေရောဂါဖြစ်နိုင်ပါတယ်။ အူလမ်းကြောင်းထဲမှာ အဖြစ်အများဆုံးက အူသိမ်ဖြစ်ပါတယ်။ အူသိမ် ရောင်‌ရမ်းတဲ့အခါမှာ အူယောင်ယမ်းဖျားလို ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

၄။ အူကျွန်ခြင်း၊ အူခေါက်ခြင်းနဲ့ အူပိတ်ခြင်း 

ဒါတွေကြောင့်လည်း ဗိုက်နာပြီးတော့ အသက် အန္တရာယ်ထိ ရှိနိုင်တယ်။ ဒါကြောင့် ဗိုက်နာတယ်လို့ ခံစားမိတဲ့အခါ ဒီအချက်တွေကို ထည့်သွင်းစဥ်းစားဖို့ လိုပါတယ်။ ဗိုက်နာလို့ ဆေးသောက်လိုက်လို့ အနည်းငယ်သက်သွားတယ်ဆိုပါက ဒါက ပုံမှန် လေ‌ေရောဂါပြဿနာပဲလို့ ဆုံးဖြတ်နိုင်ပေမယ့် ဗိုက်နာလို့ ချွေးသီးချွေးပေါက်တွေ ကျလာတယ်။ ခြေဖျားလက်ဖျားတွေ အေးလာတယ်။ အန်လာတယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ အ‌ေရးကြီးတဲ့ အင်္ဂါတွေ ရောင်‌ရမ်းပိတ်ဆို့မှုတွေ ဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဆေးရုံသွားပြီး အမြန်ဆုံးစစ်ဆေးကုသမှုခံယူမှသာ အသက်အန္တရာယ်အတွက် စိတ်ချရနိုင်မှာဖြစ်တယ်လို့ ဒေါက်တာမိုးအောင်ကျော်နိုင်က ဆိုပါတယ်။

လေနာ‌ရောဂါမဖြစ်အောင် ‌ရှောင်သင့်တဲ့ အချက် ၅ ချက်

‌ ၁။ အချိန်မှန်မှန်စားပါ။

၂။ အစားအစာမှန်သမျှ ကြေညက်အောင် ဝါးစားပါ။

၃။ မတည့်တဲ့ အစားအသောက်တွေကို ရှောင်ပါ။

၄။ ဆေးလိပ်၊ အရက်နဲ့ ကွမ်း (၃) မျိုးစလုံး ရှောင်ပါ။

၅။ အပူအစပ် လွန်ကဲတဲ့ အစားအစာတွေကို ရှောင်ပါ။

Photo - adobe stock

ဘယ်လိုလူတွေက အစာအိမ်လေနာဖြစ်တတ်သလဲ။

လေနာရောဂါဖြစ်တဲ့သူတွေကို ကြည့်လိုက်မယ်ဆို အစားကို အချိန်မှန် မစားတဲ့သူတွေများပါတယ်။

 ဥပမာ -အစားစားရမယ့် အချိန်မှာ ကွမ်းယာတွေ ဝါးပြီးလိုက်တဲ့အခါ အစာ စားချင်တဲ့စိတ်လျော့သွားပါတယ်။ စားချင်တဲ့စိတ်လျော့သွားပေမယ့် အစာခြေဖို့အတွက် အစာအိမ်ထဲလှုပ်ရှားနေတာကြောင့် အစာအိမ်နံရံတွေကို ပွန်းပဲ့သွားပြီး နောက်ပိုင်းမှာ လေနာ‌ရောဂါ စွဲသွားတတ်တယ်။

“မတည့်တဲ့အစားအသောက်မစားနဲ့ လို့ ပြောတဲ့အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် ကွခြားမှုတွေ ရှိနိုရှိနိုင်ပါတယ်။ ကိုယ်က ဒီအစားအသောက်နဲ့ မတည့်မှန်းဘယ်လိုသိမလဲဆို ဒီအစားအသောက်စားတဲ့အခါ ဗိုက်ထဲမှာနေမကောင်းဘူး ပူတယ် နာတယ် အောင့်တယ်ဆို ဒါမတည့်ဘူးပေါ့။ ဆရာခုနက ပြောသွားတဲ့ အချက်တွေကို ‌ေရှာင်မယ်ဆိုရင် အစာအိမ်လေနာဖြစ်ဖို့ ရာခိုင်နှုန်းအတော်လေးနည်းပါတယ်။ “ လို့ဒေါက်တာမိုးအောင်ကျော်နိုင်က ဆိုပါတယ်။

နောက်ပြီး အစာအိမ်ထဲ ရောက်မယ့် အစားအစာတွေကို အထူးသတိပြုဖို့ လိုပါတယ်။ အစာမာ အအေးစာတွေဖြစ်တဲ့ ကောက်ညှင်း၊ အကြော်စုံ၊ နှစ်ပြန်ကြော် ပဲကြော်လိုဟာတွေက သေချာကျေညက်အောင် မဝါးစားဘူးဆိုရင် အစာအိမ်ထဲရောက်တဲ့အခါ အစာချေတဲ့အချိန်မှာ ပွန်းပဲ့ပြီးနာသွားပါတယ်။ ဒါမျိုးတွေကို ‌‌ရှောင်သင့်ပါတယ်လို့ အစာအိမ်လေနာပြဿနာနဲ့ပတ်သက်ပြီး အထွေထွေအထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုဝေမျှထားတာဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က