ဝိတ်ချတဲ့သူတွေအတွက် ထမင်းက ရန်သူပဲလို့ ပြောကြတာတွေ ရှိပေမယ့် မြန်မာထမင်းဟင်းကြိုက်တဲ့သူတွေအတွက် ထမင်းကို ဖြတ်ပြီး ဝိတ်ချရမှာ လွယ်ကူတဲ့ အလုပ်တစ်ခုတော့မဟုတ်ပါဘူး။ ဝိတ်ချချင်တဲ့သူတော်တော်များများက ဝိတ်ချတော့မယ်ဆို “ ငါတော့ ထမင်းဖြတ် ရတော့မယ်။ အစာအငတ်ခံပြီး နေရတော့မယ်လို့ “ တွေးတတ်ကြပါတယ်။ ထမင်းဟင်းကြိုက်တဲ့သူတွေအတွက်ကတော့ ထမင်းဖြတ်ပြီး ဝိတ်ချရမယ်ဆိုတဲ့အခါ စိတ်ဖိစီးမှုတွေပိုဖြစ်လာပြီး ဝိတ်ချဖို့ အတွက် ပိုပြီး အလှမ်းဝေးလာနိုင်ပါတယ်။
ဒါ့အပြင် ကိုယ်စားဖို့အတွက် သပ်သပ်ပြင်ဆင်ချက်ပြုတ်ရတာကလည်း ဝန်ပိုတစ်ခု ဖြစ်နေပြန်ပါသေးတယ်။ ဒါကြောင့် ဝိတ်ချတဲ့အခါ ကိုယ်ကြိုက်တဲ့ မြန်မာထမင်းဟင်းစားလည်းစားလို့ရ၊ သိပ်ပြီးလည်း အပင်ပန်းခံစရာမလိုတဲ့ ဝိတ်ချနည်းလမ်းတွေကို အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းဝင်းမြင့်က အခုလို အကြံပြုမျှဝေထားပါတယ်။
မြန်မာထမင်းဟင်းပဲစားပြီး ဝိတ်ချတဲ့အခါ ပြုလုပ်ရမယ့် အချက် ၃ ချက်
မြန်မာထမင်းဟင်းတွေစားပြီး ဝိတ်ချလို့ မရနိုင်ဘူးလားလို့မေးတဲ့အခါ ရနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်စားတဲ့ ပမာဏ ထိန်းသိမ်းတတ်ဖို့နဲ့ စားသောက်တဲ့နည်းလမ်း စနစ်ကျဖို့သာ အဓိကလိုအပ်တာဖြစ်ပါတယ်။

ထမင်းကို ဇွန်းအရေအတွက် သတ်မှတ်ပြီးစားပါ။
ကိုယ်က ထမင်းကြိုက်တဲ့သူဆို ထမင်းစားလို့ ရပါတယ်။ ဒါပေမယ့် ထမင်းကို လျှော့ပြီး စားရမှာဖြစ်ပါတယ်။ ဥပမာ ထမင်းကို ဇွန်းအေရအတွက်နဲ့သတ်မှတ်ပြီး ဆယ်ဇွန်းလောက်ထိ ပိုမစားသင့်ပါဘူး။ဒါပေမယ့် ဆယ်ဇွန်းလောက်ပဲ စားလို့ပြောတဲ့အခါ ကိုယ်က ထမင်းကို နဂိုတည်းက ဇလုံနဲ့စားတဲ့သူဖြစ်တဲ့အတွက် ဆယ်ဇွန်း စစားတဲ့အခါမှာ ဗိုက်မပြည့်ဝပါဘူး။ အဲဒီအခါမှာ အသီးအရွက်ကို များများစားပေးသင့်ပါတယ်။အသီးအ ရွက်စားတဲ့အခါမှာ ဆယ့်လေးဇွန်းလောက်ထိ စားပေးသင့်ပါတယ်။
စားသောက်တဲ့ပုံစံ ပြောင်းပါ။
ကိုယ်က ဝိတ်ချနေတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် နေ့စဥ် အစားအသောက်စားတဲ့ပုံစံကိုတော့ ပြောင်းပေးသင့်ပါတယ်။ မြန်မာအစားအစာ ဖြစ်တဲ့အတွက် ထမင်း၊ အသား/ငါးဟင်းတစ်ခွက်၊ ဟင်းချိုနဲ့ အရွက်ကြော်တွေပါဝင်ပါတယ်။
ဝိတ်မချင်တုန်းက ထမင်းစားတဲ့အခါ ထမင်းကို အရင်ဆုံးစားပါတယ်။ နောက်တော့ ဟင်းကို စားပါတယ်။ အဲဒီအခါမှာ ထမင်းက ကိုယ့်ဗိုက်ထဲကို အများကြီး ဝင်ပြီးသားဖြစ်သွားပါတယ်။
ဝိတ်ချတဲ့အခါမှာတော့ အဲဒီလိုမလုပ်သင့်တော့ပါဘူး။ ဟင်းချိုရည် အ ရင်သောက်ပါ။ ဟင်းချိုနှစ်ခွက်လောက်သောက်ပြီးတဲ့အခါ ဗိုက်က အတော်လေးပြည့်သွားပါတယ်။ အဲဒီအခါမှာ အရွက်ကြော်ကို စားပါ။ ပြီးမှ ထမင်းနဲ့ အသားငါးကို သင့်တော်သလိုတွဲစားလို့ ရပါတယ်။ အဲဒီလိုလေးစားလိုက်တဲ့အခါ လူတစ်ယောက်ဟာ ထမင်းဆယ်ဇွန်းထက် ပိုစားလို့ မဝင်တော့ပါဘူး။
ထမင်းကို ဖြည်းဖြည်းနဲ့မှန်မှန်စားပါ။
ထမင်းစားတဲ့အခါ မြန်မြန်စားလို့မရပါဘူး။ ခပ်ဖြေးဖြေးလေးစားသင့်ပါတယ်။ ခပ်ဖြေးဖြေးလေးစားတဲ့အခါမှာ အစာဝါးချိန်ကို အချိန်ပိုယူလေလေ အစားဝင်တာ နည်းလေလေဖြစ်ပါတယ်။ ဒါကြောင့် ထမင်းမစားဘဲ မနေနိုင်တဲ့ သူတွေအနေနဲ့ ဒီလိုနည်းလမ်းလေးတွေနဲ့ အရင်ကျင့်ကြည့်ပါ။ ကိုယ့် ရဲ့နေ့စဥ်စားတဲ့ပုံစံက ဒီလိုနည်းလမ်းတွေနဲ့ တစ်သမတ်တည်းဖြစ်သွားတဲ့အခါ ဝိတ်ချရတာ အရမ်းလွယ်သွားပါလိမ့်မယ်။ ဒီလိုဆို ထမင်းကြိုက်တဲ့သူတွေအတွက် ထမင်းကို အပင်ပန်းခံဖြတ်ပြီး ဝိတ်ချစရာမလိုတော့ပါဘူး။ မနက်စာ၊ နေ့လယ်စာနဲ့ ညစာကို ပုံမှန်လည်းစားလို့ ရနိုင်ပြီးတော့ ခက်ခဲတဲ့နည်းလမ်းတွေ အသုံးပြုစရာမလိုတော့ဘဲ အလွယ်တကူ ဝိတ်ကျနိုင်မှာဖြစ်သလို ဝိတ်လည်းထိန်းပြီးသား ဖြစ်စေမယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်။