မနေ့ညက ယူနိုက်တက်နဲ့ ဝက်ဖို့ဒ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာတော့ ဂိုးမရှိသရေရလဒ်နဲ့အတူ ယူနိုက်တက်တို့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ သရေတမှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ထုံးစံအတိုင်း အပိုင်အခွင့်အရေးတွေကို လွဲချော်ခဲ့ပြန်ပြီး ရော်နယ်ဒိုရဲ့သွင်းဂိုး လူကျွံနေတာ၊ ဘရူနိုဖာနန်ဒက်စ်ရဲ့ အပိုင်အခွင့်အရေး နှစ်ကြိမ်လောက် လွဲချော်ခဲ့တာတွေကို မြင်တွေ့ခဲ့ရပါတယ်။

ဒီပွဲရဲ့ ပွဲကစားချိန် အစောပိုင်းမှာလည်း ယူနိုက်တက်တို့ ဦးဆောင်ဂိုးရမယ့် အပိုင်အခွင့်အရေးတကြိမ်ရရှိခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်က ဂိုးဧရိယာထဲမှာ ပြိုင်ဘက်ဂိုးသမား ဘင်ဖော်စတာနဲ့ တယောက်ချင်း ရင်ဆိုင်တွေ့ခဲ့တာဖြစ်ပေမယ့် ဘရူနိုဖာနန်ဒက်စ်ရဲ့ ကန်ချက်ကို ဖော်စတာက အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒီအခွင့်အရေးမှာ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ဘေးမှာ အီလန်ဂါ၊ ရော်နယ်ဒိုတို့ လွတ်လွတ်ကျွတ်ကျွတ် လိုက်ပါလာခဲ့ပေမယ့် ဘောလုံးမပေးခဲ့ဘဲ တကိုယ်ကောင်းဆန်ဆန်နဲ့ ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ကန်ချက်က ဂိုးမဖြစ်ခဲ့တာကြောင့် ပရိသတ်တွေအတွက်ရော၊ ရော်နယ်ဒိုအတွက်ပါ အကြီးအကျယ် စိတ်ပျက်ဒေါသထွက်ခဲ့ရပါတယ်။
ပွဲကစားချိန် (၁၂) မိနစ်မှာ မာတစ်ကတဆင့် အီလန်ဂါ၊ အဲ့ဒီနောက် အီလန်ဂါနဲ့ရော်နယ်ဒိုတို့ လှလှပပ ချိတ်ဆက်ပြီး ဘရူနိုဖာနန်ဒက်စ်က ဂိုးဧရိယာထဲမှာ ဘောလုံးကို လွတ်လွတ်ကျွတ်ကျွတ် ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ်က လူကပ်ထားခြင်းမရှိတဲ့ ရော်နယ်ဒို၊ အီလန်ဂါတို့ကို မပေးဘဲ ကန်သွင်းခဲ့တာပါ။
အရင်တုန်းကလည်း ဂရင်းဝုဒ်တယောက် ဒီလိုမျိုး အပိုင်အခွင့်အရေးတွေရရှိခဲ့ဖူးပေမယ့် တွဲဖက်ပါလာတဲ့ ရော်နယ်ဒို၊ ဘရူနိုဖာနန်ဒက်စ်တို့ကို မပေးဘဲ တကိုယ်ကောင်းဆန်ဆန် ကန်သွင်းမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ ရော်နယ်ဒိုကတော့ မနေ့ကပွဲမှာလည်း ဂိုးပေါက်ထပ်ပျောက်ခဲ့ရပြီး စိတ်ပျက်ဖွယ်ရာ အခြေအနေတွေနဲ့ ဆက်လက်ရင်ဆိုင်ခဲ့ရပါတယ်။