ထင်သလောက် ပေါက်မလာတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ကိုယ်ပိုင်လူမှုကွန်ရက် App အတွက် အားကိုးရတဲ့အရာရှိတွေ ဆုံးရှုံးရခြင်းက ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ Truth Social App ကို အောင်မြင်အောင် ထိုးဖောက်ဖို့ အရေးပါလှတဲ့ ထိပ်တန်းအမှုဆောင်အရာရှိနှစ်ဦး အလုပ်ထွက်သွားတဲ့ အကြောင်းကို Reuters သတင်းက ဖော်ပြခဲ့တာပါ။ Reuters သတင်းမှာ Truth Social ရဲ့ နည်းပညာအမှုဆောင်အရာရှိချုပ် ဂျို့ချ် အဒမ်နဲ့ ထုတ်ကုန်အရာရှိချုပ် ဘီလီ ဘူးဇာတို့ဟာ သူတို့ရဲ့ ရာထူးတွေကနေ နှုတ်ထွက်သွားပြီလို့ ပြောထားတာပါ။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ Truth Social App ပလက်ဖောင်းပေါ် စတင် ဖြန့်ချိပြီးနောက် အခုလို နှုတ်ထွက်သွားတာလို့လည်း ဆိုပါတယ်။ iOS ထုတ်ကုန်တွေအတွက် App ကို ဖြန့်ချိလာချိန်မှာ App ထဲ ဝင်ပြီး စာရင်းသွင်းမရဘဲ waiting lists ထဲ ရောက်ကုန်တဲ့ပြဿနာတွေ အပါအဝင် နည်းပညာချို့ယွင်းချက်တွေနဲ့ တသီကြီး ကြုံခဲ့တာပါ။ စစချင်း ဖြစ်ခဲ့တဲ့ နည်းပညာပြဿနာတွေကြောင့် ဒေါင်းလုပ်ဆွဲနှုန်းလည်း တဟုန်းထိုး ကျဆင်းသွားခဲ့ပါတယ်။
မိုဘိုင်းလ်လေ့လာရေးလုပ်ငန်း Sensor Tower ရဲ့ အချက်အလက်အရ Truth Social App ဟာ စတင် လွှင့်တင်ပြီးချိန်ကစလို့ ဒေါင်းလုပ်ဆွဲမှုပေါင်း ၁.၂ သန်းဝန်းကျင်ပဲ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါဟာ ပြိုင်ဘက်အဖြစ် ထရမ့် ပစ်မှတ်ထားခဲ့တဲ့ Facebook ၊ Twitter တို့လို ပင်မရေစီးပလက်ဖောင်းတွေနဲ့ မနှိုင်းယှဉ်လောက်အောင် နည်းနေတာ ဖြစ်ပါတယ်။
Truth Social app အတွက် မိုးထဲရေထဲ ရုန်းကန်ရမယ့်အချိန်မှာ ဂျို့ချ်လို ပုဂ္ဂိုလ်မျိုး ထွက်သွားတာ မှန်ရင် ရှေ့လျှောက် အလားအလာကောင်းစရာ မရှိတော့တဲ့ပုံပဲလို့ တစ်ယောက်က မှတ်ချက်ချပါတယ်။ အခုထိတော့ Truth Social မှာ သမ္မတထရမ့်ရဲ့ ပါဝင်မှုက ဘယ်လိုလဲဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။ Truth Social App စတင် ဖြန့်ချိန် ဖေဖော်ဝါရီ ၁၄ ရက်နေ့ ကစလို့ သမ္မတဟောင်းထရမ့်လည်း "အဆင်သင့်လုပ်ထားနော်။ သင်တို့ရဲ့ သဘောအကျဆုံး သမ္မတနဲ့ မကြာခင် တွေ့ရအောင်" ဆိုတဲ့ ပို့စ်လေးတစ်ခုပဲ တင်ပြီး ပျောက်ကွယ်နေတာ ကြာပြီ ဖြစ်ပါတယ်။