ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က ယူနိုက်တက်အပေါ် ပျစ်ပျစ်နှစ်နှစ်ပဲ ဝေဖန်ထိုးနှက်သွားခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့ မန်စီးတီးနဲ့လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ တဖက်နှစ်ဂိုးစီသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ဒီနှစ်သင်းကြား ရမှတ်ကွာဟချက်တမှတ်က အပြောင်းအလဲမရှိဘဲ ပရိသတ်တွေအနေနဲ့ နောက်ဆုံးပွဲစဥ်အထိ ချန်ပီယံဆုအတွက် ရင်ခုန်ခွင့်ရရှိနိုင်ပါတယ်။ ဒီနှစ်သင်းရဲ့ လက်ကျန်ပွဲတွေမှာ မန်စီးတီးက ထိပ်တန်းအသင်းတွေနဲ့ တွေ့ရမယ့်ပွဲမရှိတော့ပါဘူး။

လီဗာပူးရဲ့ လက်ကျန် (၇) ပွဲမှာတော့ ယူနိုက်တက်၊ စပါးတို့လို ထိပ်တန်းအသင်းတွေကျန်ရှိနေတာကြောင့် ခက်ခက်ခဲခဲ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ ဒါ့အပြင် တန်းဆင်းဇုန်ကနေ ရုန်းထွက်နေရတဲ့ ဒါဘီပြိုင်ဘက် အဲဗာတန်ကိုလည်း အိမ်ကွင်းမှာ ရင်ဆိုင်ရဦးမှာပါ။ အဲ့ဒါကြောင့်လည်း မန်စီးတီးရဲ့ လက်ကျန်ပွဲထက် လီဗာပူးရဲ့ လက်ကျန်ပွဲက ပိုခက်မယ်လို့ သုံးသပ်နေကြပါတယ်။
ဒါပေမယ့် ဂယ်ရီနဗီးလ်ကတော့ “အခု လက်ကျန်ပွဲတွေကိုကြည့်လိုက်ရင် ကျနော်တို့က မန်စီးတီးက ပွဲပိုချောင်တယ်ထင်ကြပါတယ်။ အဲ့ဒီလိုလည်း တကယ်တွေးကြမှာပါ။ ဘာလို့လဲဆိုတော့ လီဗာပူးက မာဆေးဆိုက်ဒ်ဒါဘီပွဲအဖြစ် အဲဗာတန်နဲ့ ကစားရမယ်၊ ယူနိုက်တက်နဲ့လည်း ကစားရဦးမယ်ဆိုတော့လေ”
“ပုံမှန်ဆိုရင်တော့ ဒီနှစ်ပွဲက လီဗာပူးက ခက်ခဲမှာပါ။ ဒါပေမယ့် အခုချိန်မှာ အဲဗာတန်ရော၊ ယူနိုက်တက်ရောက လီဗာပူးအတွက် မခက်တော့ပါဘူး။ ပြောရမယ်ဆိုရင် မန်စီးတီးရင်ဆိုင်ရမယ့်အသင်းတွေထက် ဒီနှစ်သင်းက ပိုလွယ်ပါတယ်။ ဒီတိုင်းကြည့်မယ်ဆိုရင်တော့ လီဗာပူးက ပွဲကျပ်တယ်ပြောကြမှာပဲ။ တကယ်တော့ မဟုတ်ပါဘူးဗျာ” လို့ ပြောကြားသွားခဲ့ပါတယ်။
မန်စီးတီး ကစားသမားဟောင်း မီကာရစ်ချက်ကတော့ နဗီးလ်ရဲ့ ပြောစကားကို သဘောမတူခဲ့ဘဲ လီဗာပူးနဲ့ ယူနိုက်တက်ပွဲက ပြိုင်ဆိုင်မှုပြင်းထန်မယ်လို့ တုံ့ပြန်ခဲ့ပါသေးတယ်။ ဒါပေမယ့် နဗီးလ်က “မင်းက သမိုင်းကြောင်းတွေ ပြန်ပြောနေတာပဲ။ ယူနိုက်တက်ရဲ့ နောက်ပိုင်းပွဲတွေ မင်းမကြည့်ဖူးဘူးလား” လို့ပါ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။