ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က နော့ဝစ်ချ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းပြီး အသင်းအတွက် နိုင်ပွဲတပွဲကို ရယူပေးခဲ့တဲ့ ရော်နယ်ဒိုကို ထူးချွန်တဲ့ ကစားသမားတယောက်လို့ ချီးကျူးလိုက်ပါတယ်။ ယူနိုက်တက်ဟာ အမှတ်ပေးဇယားအောက်ဆုံးမှာရောက်ရှိနေတဲ့ နော့ဝစ်ချ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်အတွက် ရော်နယ်ဒိုရဲ့ ဦးဆောင်ဂိုးနှစ်ဂိုးကို နော့ဝစ်ချ်က ပြန်လည်ချေပခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက ဖရီးကစ်ကတဆင့် ယူနိုက်တက်အတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ ရော်နယ်ဒိုအတွက် ဒီရာသီမှာ ဒုတိယအကြိမ်မြောက် ဟက်ထရစ်လည်းဖြစ်ပါတယ်။

ပထမအကြိမ်ဟက်ထရစ်မှာလည်း ရော်နယ်ဒိုက စပါးကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်းပွဲစဥ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာတော့ ရန်းနစ်ဂ်က “ရော်နယ်ဒိုက စပါးနဲ့ပွဲတုန်းကလိုပဲ ဒီပွဲမှာ အတိမ်းအစောင်းအဖြစ်မခံခဲ့ပါဘူး။ ဒုတိယဂိုးနဲ့တတိယဂိုးက မလွယ်ကူပါဘူး”
“ဒီသွင်းဂိုးနှစ်ဂိုးကို သူသွင်းယူသွားတဲ့ပုံစံက တကယ်ကို ထူးချွန်လှပါတယ်” လို့ မှတ်ချက်ပေးသွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပထမဂိုးကို အီလန်ဂါရဲ့ ဖန်တီးပေးမှုကတဆင့် လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းယူခဲ့တာပါ။
ဒုတိယဂိုးကိုတော့ အဲလက်စ်တဲလက်စ်ရဲ့ ထောင့်ကန်ဘောကတဆင့် ရော်နယ်ဒိုက ခေါင်းတိုက် သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးတွေကြောင့် ပြိုင်ပွဲစုံသွင်းဂိုး (၂၀) ပြည့်မြောက်ခဲ့ပြီလည်းဖြစ်ပါတယ်။