• Twitter ဝန်ထမ်းအများစုကို အလုပ်ဖြုတ်ချင်နေတဲ့ အီလွန်မတ်စ်

ဝန်ထမ်းအင်အားရဲ့ ၇၅% ကို အလုပ်ဖြုတ်ပစ်ဖို့ ရှိပါတယ်

အီလွန်မတ်စ်သာ Twitter ကို ဝယ်မယ်ဆိုရင် ကုမ္ပဏီဝန်ထမ်းအတော်များများ အလုပ်ပြုတ်သွားဖို့ ရှိပါတယ်။

Twitter ကို ဝယ်နေတဲ့ သူဌေးကြီးအီလွန်မတ်စ်ဟာ ကုန်ကျစရိတ်လျှော့ချဖို့ ဝန်ထမ်းအများအပြား အလုပ်ဖြုတ်ဖို့ စီစဉ်နေကြောင်း သူ့ရဲ့ အလားအလာရှိတဲ့ ရင်းနှီးမြှပ်နှံသူတွေကို ပြောကြောင်း The Washington Post သတင်းက ဖော်ပြပါတယ်။ သတင်းအရဆို အရောင်းအဝယ်သဘောတူပြီးပြတ်တာနဲ့ Twitter ဝန်ထမ်း ၇၅၀၀ ထဲက ၇၅% ကို အလုပ်ဖြုတ်ပစ်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ 

image

Photo: Forbes

ဝန်ထမ်းထောင်နဲ့ချီ အလုပ်ဖြုတ်ပစ်မှုကနေ လူမှုကွန်ရက်ပလက်ဖောင်းရဲ့ လုပ်ငန်းလည်ပတ်မှုတွေနဲ့ အကြောင်းအရာစောင့်ကြည့်မှုတွေ ၊ အသုံးပြုသူလုံခြုံရေးရာတွေမှာ အားနည်းချက်တွေ ရှိလာနိုင်ပါတယ်။ တစ်ဖက်မှာလည်း The Washington Post က ရထားတဲ့ အတွင်းရေးအချက်အလက်တွေအရ မတ်စ်နဲ့ အရောင်းအဝယ်မလုပ်ခင်ကတည်းက Twitter ခေါင်းဆောင်ပိုင်းဟာ ကုမ္ပဏီရဲ့ လုပ်အားခပေးမှုကို ဒေါ်လာ သန်း ၈၀၀ ဝန်းကျင် ဖြတ်တောက်ဖို့ စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ 

Twitter ရဲ့ အစီအစဉ်က ဝန်ထမ်းအင်အားထဲက ၂၅% လောက် လျှော့ချပြီး လူပေါင်း ၁၉၀၀ ဝန်းကျင်ကို အလုပ်လုပ်မဲ့ဖြစ်စေမယ့် အစီအစဉ်ပါ။ ဒီထဲမှာ အဓိကကျတဲ့ အခြေခံအဆောက်အဦတွေ ဖြတ်တောက်မှုလုပ်တာ ၊ ဒေတာစင်တာတွေ ပိတ်တာတွေလည်း ပါဝင်ပါတယ်။ အီလွန်မတ်စ်သာ အသုံးစရိတ်ဖြတ်တောက်ဖို့ လူလျှော့မယ့်အစီအစဉ်က ပိုပြီး ကြီးမားပြီး စိတ်ကူးလို့တောင် မရနိုင်ဘူးလို့ Twitter ရဲ့ ဒေတာသိပ္ပံပညာရှင်ဟောင်း အက်ဒွင် ချန်က ပြောပါတယ်။ 

"ဒါက ဆက်တိုက်အပျက်သက်ရောက်မှုဖြစ်လာမှာပါ။ ဝန်ဆောင်မှုတွေ ရပ်ဆိုင်းတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ကျန်နေတဲ့လူတွေမှာ ဝန်ဆောင်မှုအရန်ပြန်ယူနိုင်ဖို့ အဖွဲ့အစည်းဆိုင်ရာ ဗဟုသုတရှိမှာ မဟုတ်တော့ပါဘူး။ လုံးဝစိတ်လေသွားနိုင်ပြီး သူတို့ကိုယ်တိုင်ပါ အလုပ်ထွက်ချင်လာပါမယ်" လို့ ချန်က ဆိုပါတယ်။

Photo: Forbes


ပြီးခဲ့တဲ့ဇွန်လက Twitter Town Hall အစည်းအဝေးမှာ ကုမ္ပဏီလူလျှော့မယ့်အကြောင်း မေးတဲ့အခါ မတ်စ်က စွမ်းဆောင်ရည်နည်းတဲ့ဝန်ထမ်းတွေ အလုပ်မှာ ဆက်ရှိနေဖို့ မမြင်ဘူးလို့ ပြောပါတယ်။ Twitter ကုမ္ပဏီ ဝယ်ယူရေးကိစ္စဖြတ်ဖို့ အောက်တိုဘာ ၂၈ ရက်နေ့ကို နောက်ဆုံးရက် သတ်မှတ်ထားပါတယ်။ 

မကြာသေးခင်ကပဲ Tesla သူဌေးကြီးအီလွန်မတ်စ်ဟာ အရင်က အရောင်းအဝယ်ဖျက်ပစ်ဖို့ စီစဉ်ခဲ့တဲ့ Twitter ကို မူလသဘောတူညီချက်အတိုင်း ရှယ်ယာတစ်စု ၅၄.၂၀ ဒေါ်လာနှုန်းနဲ့ ဒေါ်လာ ၄၄ ဘီလျံပေးပြီး ဝယ်ယူမယ်လို့ ကြေညာခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က