၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့စမတ်ဖုန်းရောင်းအား ကျဆင်းခဲ့ပေမယ့် 5G စမတ်ဖုန်းတွေ ဝင်ရာက်မှုမြင့်တက်နေပါတယ်။
ဈေးကွက်သုတေသနကုမ္ပဏီ Canalys ရဲ့ ခန့်မှန်းချက်အရ ယခုနှစ်အတွင်း ကမ္ဘာ့ 5G စမတ်ဖုန်းတင်ပို့မှုဟာ အလုံးရေ ၂၇၈ သန်းအထိ ရှိလာနိုင်တယ်လို့ဆိုပါတယ်။ Canalys ရဲ့ အစီရင်ခံစာထဲမှာ ၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာ့ 5G စမတ်ဖုန်းတင်ပို့မှုရဲ့ ၆၂% ဖြစ်တဲ့ အလုံးရေ ၁၇၂ သန်းခန့်ဟာ Greater China (တရုတ်ပြည်မကြီး ၊ ဟောင်ကောင် ၊ မကာအိုနဲ့ ထိုင်ဝမ်) ဈေးကွက်မှ ဝင်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Photo: Tech Republic
မြောက်အမေရိကဈေးကွက်မှာ 5G စမတ်ဖုန်း ၄၂ သန်း ၊ EMEA (ဥရောပ ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက) ဈေးကွက်တွေမှာ ၃၁ သန်း ရောင်းချနိုင်မယ်လို့ ဆိုပါတယ်။ ၂၀၁၉ နဲ့ စာရင် ယခုနှစ် စမတ်ဖုန်းတင်ပို့မှုဟာ ၁၀.၇% ကျဆင်းသွားမယ်လို့ Canalys က ခန့်မှန်းပါတယ်။
၂၀၂၁ ခုနှစ်မှာ စမတ်ဖုန်းဈေးကွက်တိုးတက်မှုဟာ ၉.၉% ပြန်တက်လာဖို့ ရှိပါတယ်။ ဒီနောက် ဈေးကွက်တစ်ခုလုံးဟာ အလုံးရေ ၁.၃ ဘီလျံကျော် တင်ပို့နိုင်မယ်လို့ ဆိုပါတယ်။ လာမယ့်နှစ်အတွင်း ဥရောပနိုင်ငံတွေမှာ 5G ဖုန်း ပျမ်းမျှ ရောင်းဈေးဟာ ၇၆၅ ဒေါ်လာကို ကျဆင်းသွားဖို့ ရှိပါတယ်။
၂၀၂၄ ခုနှစ်မှာ ဥရောပဈေးကွက်မှာ 5G ဖုန်းတစ်လုံးရဲ့ တန်ဖိုးဟာ ၄၇၇ ဒေါ်လာအထိ ကျလာမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ယခုနှစ်အတွင်း တန်ဖိုးနည်း 5G ဖုန်းတွေ ဈေးကွက်ထဲ ဝင်လာခဲ့ပြီး Realme ဟာ ယွမ် ၁၀၀၀ (မြန်မာငွေ ၂ သိန်းဝန်းကျင်) တန် ကမ္ဘာ့ဈေးအချိုဆုံး 5G ဖုန်းဖြစ်တဲ့ Realme V3 5G ကို ဈေးကွက်မှာ မိတ်ဆက်ထားပါတယ်။