ရွှေတိဂုံစေတီတော်ရဲ့ ရွှေပြားပြန်လည်သန့်စင်ပြီး ပြန်ကပ်တဲ့ လုပ်ငန်းစဉ်တွေကို မည်သူ တစ်ဦးတစ်ယောက်ကိုမှ ကန်ထရိုက်ပေးမှာ မဟုတ်ဘူးလို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက နိုဝင်ဘာ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
အောက်ကြာနုဧရိယာမှာ ပူဇော်ထားတဲ့ ရွှေတိဂုံစေတီတော်က ရွှေစင်ရွှေပြားတွေကို သီးခြားအလုပ်ရုံမှာ ထားရှိပြီး ကျွမ်းကျင်သူပညာရှင်တွေနဲ့ ရွှေသန့်စင်ခြင်း၊ ရွှေမှိုက်ထုတ်လုပ်ခြင်း၊ မှတ်တမ်းတင်ခြင်းလုပ်ငန်းတွေကို လုံခြုံရေးတင်းကြပ်စွာနဲ့ အဆင့်ဆင့်လုပ်ငန်း စဉ်အတိုင်း စနစ်တကျကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရွှေတိဂုံစေတီတော်ရှိနမူနာရွှေစင်ပြားကို ပြန်လည် သန့်စင်ရာတွင် ရွှေပါဝင်မှု ၉၈ ဒသမ ၉၁ ရာခိုင်နှုန်း အထိရှိတယ်ဆိုတာဟာ အောက်ကြာနုဧရိယာက ရွှေစင်ပြား ၃၉၂၁ ချပ်အနက်က မည်းနေတဲ့ရွှေစင်ပြား ၉ ချပ်ရဲ့အဖြေသာဖြစ်ပြီး ရွှေစင်ပြားအားလုးရဲ့ရလဒ်မဟုတ်ဘူးလို့ သိရပါတယ်။
ဒါကြောင့် ဒီရလဒ်အပေါ်ကို သုံးသပ်အဖြေရှာရင် အဓိပ္ပါယ်သက်ရောက်မှု မှားယွင်းနိုင်မှာဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက နိုဝင်ဘာ ၂၄ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါသေးတယ်။
ဒါ့အပြင်ရွှေတိဂုံစေတီတော်၏ ကြာမှောက်ကြာလန်ဧရိယာအတွင်းရှိ အချို့မည်းနေသော ရွှေစင်ပြား များသာ ကွက်၍ ဖြုတ်ချလဲလှယ်မည်ဆိုရင် အသစ်ကပ်လှူပူဇော်တဲ့ ရွှေစင်ပြားအရောင်နဲ့ ညီမှာမဟုတ်တဲ့ အတွက် ညီညာအောင်ပြုလုပ်ထားတဲ့ရွှေပြားတွေနဲ့ အစားထိုးပူဇော်သွားမယ်လို့သိရပါတယ်။
ရွှေစင်ရွှေပြားရွှေသင်္ကန်းတော်ကပ်လှူပူဇော်မှုလုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်လျက်နေတာကြောင့် ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းအမှားတွေကို မယုံကြဖို့လည်းတိုက်တွန်းနိုးဆော်ထားပါတယ်။