ဗီလာရီးရဲလ်ကွင်းလယ်လူ ကိုကွီလင်က သူတို့အနေနဲ့ လီဗာပူးနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်က ခက်ခဲမယ်ဆိုတာ သိပေမယ့် အကောင်းဆုံး ရင်ဆိုင်ကစားသွားမယ်လို့ အသိပေးလိုက်ပါတယ်။ ဗီလာရီးရဲလ်ဟာ ဒီကနေ့ညမှာ ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် လီဗာပူး အိမ်ကွင်း အန်ဖီးလ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
လီဗာပူးဟာ ရှုံးထွက်အဆင့်မှာ ပေါ်တို၊ ကွာတားအဆင့်မှာ ဘင်ဖီကာတို့ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး တောက်လျှောက် ပွဲချောင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဗီလာရီးရဲလ်ကတော့ တကယ့်ကို သက်ဆိုင်ရာလိဂ်တွေရဲ့ ထိပ်တန်းအသင်းတွေနဲ့တွေ့ခဲ့ပြီး ရှုံးထွက်မှာ ဂျူဗင်တပ်စ်၊ ကွာတားမှာ ဘိုင်ယန်မြူးနစ်တို့နဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရတာပါ။
ဒါပေမယ့် အံ့အားသင့်ဖို့ကောင်းစွာနဲ့ပဲ ဗီလာရီးရဲလ်က ဂျူဗင်တပ်စ်ကို နှစ်ကျော့ပေါင်း ၄-၁ ဂိုး၊ ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်း ၂-၁ ဂိုးတို့နဲ့ အနိုင်ယူကာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်အဖြစ် လီဗာပူးနဲ့ ရင်ဆိုင်ရချိန်မှာတော့ လီဗာပူးကသာ ဗိုလ်လုပွဲတက်ဖို့ ပိုမိုရေပန်းစားနေပါတယ်။
လီဗာပူးက အသင်းကောင်းတသင်းဆိုတာကိုလည်း ကိုကွီလင်က နားလည်ထားပြီး ဒီပွဲနဲ့ပတ်သက်လို့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ကိုကွီလင်က “လီဗာပူးက ဥရောပမှာ အကောင်းဆုံး အသင်းတသင်းပါ။ ဒါပေမယ့် ဘောလုံးသမားတယောက်အနေနဲ့ ခင်ဗျားက ဘာလိုချင်မှာလဲ? ဒီလိုပွဲမျိုးကို ကစားချင်တယ်၊ ဥရောပတခွင် ခရီးတွေဆက်ချင်ပါတယ်”
“ကျနော်တို့ကလည်း အိပ်မက်တွေရှိပါတယ်။ ကျနော်တို့ ခေါင်းထဲမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားဖို့ တွေးနေပါတယ်။ ဒါက ခက်ခဲမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် တသင်းလုံး၊ တမြို့လုံးက ဒီအတွက် စိတ်လှုပ်ရှားနေပါပြီ”
“ကျနော်တို့က ဘိုင်ယန်မြူးနစ်နဲ့ဂျူဗင်တပ်စ်တို့ကိုတောင် ဖြုတ်ချခဲ့ပြီးပြီလေ။ လီဗာပူးကို အကောင်းဆုံး ရင်ဆိုင်မှာပါ။ အန်ဖီးလ်မှာ ဟိုကြည့်ဒီကြည့်လုပ်နေဖို့ လာမှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ အူနိုင်းအမ်မရီရဲ့ ဗီလာရီးရဲလ်ဟာ ပြီးခဲ့တဲ့ရာသီကလည်း ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့ပြီး အဲ့ဒီတုန်းက အင်္ဂလန်ကလပ် ယူနိုက်တက်ကို အနိုင်ယူ ဗိုလ်စွဲနိုင်ခဲ့တာလည်းဖြစ်ပါတယ်။