စပါးကွင်းလယ်လူဟောင်း အိုဟားရားက အာဆင်နယ်ရဲ့ ဂန္တဝင်နည်းပြဟောင်းကြီး အာစင်ဝင်းဂါး ပြောကြားခဲ့တဲ့ အာဆင်နယ်တို့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးနိုင်တဲ့ စကားအပေါ် လှောင်ပြောင်သွားခဲ့ပါတယ်။ အာဆင်နယ်ဟာ လက်ရှိနွေမှာ ကိုင်ဟာဗက်ဇ်၊ ဒကလန်ရိုက်စ်၊ တင်ဘာစ်တို့ကို ခေါ်ယူထားပါတယ်။

အခုလိုမျိုး ငယ်ရွယ်တဲ့ ကစားသမားတွေကို ခေါ်ယူထားနိုင်တဲ့ အသင်းဟောင်းကို ဝင်းဂါးက ချီးကျူးခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်စွမ်းရှိကြောင်း အမွှန်းတင်ခဲ့တာပါ။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီကလည်း ရာသီတစ်လျှောက်လုံး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီးမှ ရာသီကုန်ခါနီးမှ မန်စီးတီးရဲ့ ကျော်တက်ခြင်းကို ခံလိုက်ရတာပါ။

အိုဟားရားကတော့ “ကျွန်တော်တို့ အမှန်အတိုင်း ပြောကြရအောင်ဗျာ။ ဘာတဲ့... ကိုင်ဟာဗက်ဇ်တဲံလား? သူက ဂိုဒေါင်တံခါးကိုတောင် ထိအောင်ကန်နိုင်တာ မဟုတ်ပါဘူး။ သူက ချဲလ်ဆီးမှာလည်း ပုံစံကောင်းမပြနိုင်လို့ ရောင်းထုတ်ခံလိုက်ရတာလေ။ ကျွန်တော် အခု ပြောချင်တာကတော့ ဟာဗက်ဇ်တစ်ယောက် အာဆင်နယ်မှာ ကျရှုံးမယ်ဆိုတာပါပဲ”
“သူတို့ရဲ့ ဒီအပြောင်းအရွှေ့က အလုပ်ဖြစ်မယ်လို့ ကျွန်တော် မထင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဟာဗက်ဇ်ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့ကြေး ပေါင် (၆၅) သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာပါ။ သူ့ကိုလည်း ကွင်းလယ်မှာ ထားကစားဖို့ အာတီတာက ပြင်ဆင်ထားတာပါ။
ဟာဗက်ဇ်ဟာ လေဗာကူဆင်မှာတုန်းက ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပေမယ့် ချဲလ်ဆီးကို ရောက်ချိန်မှာတော့ ခြေစွမ်းပိုင်း ကျဆင်းခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း သူ့ကို ချဲလ်ဆီးဘက်က ပြန်လည်ရောင်းထုတ်ခဲ့တာဖြစ်ပြီး အာဆင်နယ်တို့ ဟာဗက်ဇ်ကို ပြိုင်ဘက်မရှိ ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။