• အက်သလက်တီကိုဘက်ကို ဂိုးသွင်းနိုင်ခဲ့ရင် အသင်းသမိုင်းမှာ မိုက်ကယ်အိုဝင်ကို ကျော်တက်နိုင်မယ့် မာနေး

မာနေးအနေနဲ့ ဒီညပွဲမှာသာ ဂိုးသွင်းနိုင်ခဲ့ရင် အိုဝင်ကိုကျော်တက်နိုင်မှာလည်းဖြစ်ပါတယ်။

လီဗာပူးတိုက်စစ်ကစားသမား မာနေးဟာ ဒီနေ့ည အက်သလက်တီကိုအိမ်ကွင်းမှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဥ်မှာသာ ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ကစားသမားဟောင်း မိုက်ကယ်အိုဝင်ရဲ့ မှတ်တမ်းတစ်ခုကို ကျော်ဖြတ်နိုင်မယ်လို့ သိရှိရပါတယ်။

image

မာနေးဟာ ဒီရာသီမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံ (၁၀) ပွဲကစား၊ (၆) ဂိုးသွင်းယူပေးထားတဲ့ ကစားသမားပါ။ မာနေးအနေနဲ့ ဒီညပွဲမှာသာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် အသင်းအတွက် ဥရောပသွင်းဂိုး အများဆုံးသွင်းယူပေးထားတဲ့ ကစားသမားစာရင်းမှာ အဆင့် (၃) နေရာအထိ တက်လှမ်းနိုင်ပါလိမ့်မယ်။

image

လက်ရှိအချိန်မှာ မာနေးက လီဗာပူးအတွက် ဥရောပသွင်းဂိုး (၂၂) ဂိုးသွင်းယူထားတာဖြစ်ပြီး ဒီသွင်းဂိုးအရေအတွက်ဟာ လီဗာပူးအတွက် ဥရောပမှာ အိုဝင်သွင်းယူပေးထားတဲ့ သွင်းဂိုးအရေအတွက်နဲ့ တူညီနေတာလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် မာနေးအနေနဲ့ ဒီညမှာသာ ဂိုးသွင်းနိုင်ခဲ့ရင် အိုဝင်ကိုလည်း ကျော်ဖြတ်နိုင်မှာဖြစ်သလို ဂျရတ်၊ ဆာလာတို့ရဲ့နောက် လီဗာပူးအတွက် ဥရောပမှာ တတိယမြောက်ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာပါလိမ့်မယ်။


ဂျရတ်က လီဗာပူးအတွက် ဥရောပသွင်းဂိုး (၄၁) ဂိုး၊ ဆာလာက ဥရောပသွင်းဂိုး (၂၉) ဂိုးနဲ့ မာနေးကတော့ အိုဝင်နဲ့အတူ ဥရောပသွင်းဂိုး (၂၂) ဂိုးနဲ့ လက်ရှိအချိန်မှာ အသီးသီးရပ်တည်နေကြတာပါ။

မာနေးဟာ လီဗာပူးရဲ့ ပြိုင်ပွဲစုံနောက်ဆုံး (၃) ပွဲဆက်တိုက်မှာလည်း ဂိုးသွင်းယူပေးထားတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

ဒါ့အပြင် နောက်ဆုံးကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဖေမီနိုကလည်း ဒီပွဲမှာသာ ပါဝင်ကစားဖြစ်ခဲ့ရင် လီဗာပူးကစားသမားဘဝ ပွဲ (၃၀၀) ပြည့်မြောက်မှာလည်းဖြစ်ပါတယ်။

ဖေမီနိုအနေနဲ့ အသင်းအတွက် နောက်ဆုံးသွင်းယူပေးထားတဲ့ (၁၂) ဂိုးက အဝေးကွင်းပွဲစဥ်တွေမှာဖြစ်ပြီး ဒီည အဝေးကွင်းပွဲမှာရော ဂိုးသွင်းခြေစွမ်းပြနိုင်ဦးမလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က