• ဆာလာကို ချီးကျူးပေမယ့် အက်သလက်တီကိုက အားနည်းတဲ့အသင်းမဟုတ်ဘူးလို့ ဆီမြွန်နီသတိပေး

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဆီမြွန်နီက ဆာလာကို ချီးကျူးရင်း လီဗာပူးကို သတိပေးခဲ့တာပါ။

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ဒီနေ့ညမှာ ကစားမယ့် လီဗာပူးနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဥ်အတွက် ပြိုင်ဘက်ကစားသမား ဆာလာကို ချီးကျူးစကားပြောကြားခဲ့ပါတယ်။

image

ဆာလာဟာ လက်ရှိဘောလုံးရာသီမှာ လီဗာပူးအတွက် အထူးခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ (၁၀) ပွဲမှာ သွင်းဂိုး (၁၀) ဂိုးအထိ သွင်းယူထားနိုင်တဲ့ ကစားသမားပါ။ ဆာလာဟာ မန်စီးတီး၊ ဝက်ဖို့ဒ်တို့နဲ့ပွဲမှာလည်း လှပတဲ့သွင်းဂိုးတွေကို တစ်ကိုယ်တော်အရည်အချင်းနဲ့ ပြိုင်ဘက်နောက်ခံလူတွေကို လှည့်စားသွင်းယူနိုင်ခဲ့တာကြောင့်လည်း လတ်တလောအတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ချီးကျူးခံနေရပါတယ်။

image

အဲ့ဒါကြောင့် လီဗာပူးနဲ့တွေ့ဆုံမယ့်ပွဲမတိုင်ခင်မှာ ဆီမြွန်နီက “ဆာလာက ထူးခြားကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ပါ။ သူက လီဗာပူးအတွက်ရော၊ အီဂျစ်လက်ရွေးစင်အတွက်ပါ နောက်ပိုင်းနှစ်တွေမှာ တကယ့်ကို ထူးခြားတဲ့အဆင့်အတန်းတစ်ခု ပြသထားနိုင်ပါတယ်” လို့ ချီးကျူးခဲ့တာပါ။

လီဗာပူးဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ လက်ရှိအချိန်အထိ ရှုံးပွဲမရှိသေးဘဲ ချန်ပီယံလိဂ်မှာလည်း (၂) ပွဲကစား၊ (၂) ပွဲနိုင်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ဆီမြွန်နီကတော့ လီဗာပူးကို ကြောက်ရွံ့နေမှာမဟုတ်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။


ဆီမြွန်နီက “လီဗာပူးက တကယ့်ကို စပါယ်ရှယ် အဆင့်အတန်းမျိုးကို ပြသနေပါတယ်။ မတူညီတဲ့ ရစ်သမ်နဲ့အတူ သူတို့ကစားတာကို ကြည့်ရတာ ကျေနပ်စရာပါ။ ဒါပေမယ့် သူတို့က နောက်တန်းမှာ နေရာလွတ်တွေကို ချန်ထားခဲ့လေ့ရှိပါတယ်။ ရှေ့ကို အရမ်းလိုက်ဖိတယ်၊ ခံစစ်တန်းကလည်း ရှေ့တက်လွန်းပြီး လျင်မြန်လွန်းပါတယ်။ ဒါပေမယ့် အက်သလက်တီကိုကလည်း မတူကွဲပြားခြားနားတဲ့အသင်းတစ်သင်းပါ။ လီဗာပူးထက် အင်အားပိုနည်းတဲ့အသင်းမဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

အက်သလက်တီကိုနဲ့လီဗာပူးတို့ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်မှာ ထိပ်တိုက်တွေ့ခဲ့ဖူးပြီး အဲ့ဒီအချိန်မှာ အက်သလက်တီကိုက အိမ်ကွင်းမှာ ၁-၀ ဂိုး၊ အဝေးကွင်းမှာ ၂-၃ ဂိုးနဲ့ အနိုင်ယူကာ လီဗာပူးကို ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာစေခဲ့ပါတယ်။

အဲ့ဒါကြောင့် ဒီနှစ် အုပ်စုတွင်းပြိုင်ဘက်အဖြစ် ပြန်လည်တွေ့ဆုံရာမှာတော့ လီဗာပူးတို့ မနှစ်ကရှုံးကြွေးကို ပြန်ဆပ်နိုင်မလား ပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းနေပါပြီ။ 

Share

Loading Next Article...
က္က