လက်ရှိခြေစွမ်းတွေအရ PSG ကစားသမား မက်ဆီကို သက်သောင့်သက်သာ ထိန်းချုပ်လို့ရနိုင်ပြီလို့ ပြင်သစ်လီဂူးကလပ် ထရွိုင်းစ်နောက်ခံလူ ရာမီက ဖွင့်ဟပြောကြားလိုက်ပါတယ်။

ဒီကစားသမားဟာ စပိန်လာလီဂါကလပ် ဗလင်စီယာနဲ့ ဆီဗီလာနောက်ခံလူဟောင်းဖြစ်ပြီး စပိန်မြေမှာ မက်ဆီနဲ့ (၁၂) ကြိမ်အထိ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ ကစားသမားပါ။ ဒါပေမယ့် အံ့အားသင့်ဖို့ကောင်းစွာနဲ့ပဲ ရာမီပါဝင်တဲ့အသင်းဟာ မက်ဆီပါဝင်တဲ့အသင်းကို တစ်ကြိမ်မှ အနိုင်မရရှိခဲ့ဖူးဘူးလို့ မှတ်တမ်းတွေကဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာလည်း ရာမီက “ဟုတ်ပါတယ်။ ကျွန်တော် မက်ဆီနဲ့တွေ့တိုင်း တစ်ခါမှမနိုင်ခဲ့ဖူးပါဘူး။ ဒါပေမယ့် သရေပွဲတွေလည်းရှိတယ်လေ။ (ရယ်လျက်) ကျွန်တော် သူ့ဂျာစီ လေးငါးထည်လောက်ရဖူးပါတယ်။ မက်ဆီက အရမ်းကိုသန်မာပြီး အမြဲတမ်း ကျွန်တော့်နောက်ကို ကျော်ကျော်သွားတာပါ”
“သူ လူကျွံရင်ကျွံနေနိုင်မယ်၊ ဒါပေမယ့် သူ ချက်ချင်းပြန်ဝင်လာပြီး ပြေးနိုင်ပါတယ်။ အခုဆို သူက ဘောလုံးပိုဖြန့်လာပါပြီ။ ဒီတော့ ကျွန်တော်တို့ နောက်ခံလူတွေအတွက် သူနဲ့ပတ်သက်လာရင် ပိုလွယ်သွားပြီး စောင့်ကစားလို့ရပါပြီ။ သူအရင်လိုမျိုး မြွေလိမ်မြွေကောက်ပြေးသလို လိမ်ခေါက်နိုင်ဦးမယ်မထင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ PSG ကို စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ပြင်သစ်လီဂူးမှာ ဂိုးပေါက်ရှာမတွေ့သေးပါဘူး။ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့အကြား နားလည်မှုလိုအပ်နေတယ်လို့ သုံးသပ်ချက်တွေရှိနေပြီး ရာမီကလည်း မက်ဆီနဲ့ အမ်ဘာပေတို့အကြား ဆက်ဆံရေးအပေါ်မှာ အခုလိုမျိုးပြောကြားခဲ့ပါသေးတယ်။
ရာမီက “ကျွန်တော်က အမ်ဘာပေရဲ့ ပရိသတ်တစ်ယောက်ပါ။ သူသာ PSG မှာဆက်နေမယ်ဆိုရင် ကျွန်တော် ပျော်ရွှင်မိပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မက်ဆီက သူ့ကိုအများကြီးသင်ပေးနိုင်မှာလေ။ အရိုးသားဆုံးပြောရရင် အမ်ဘာပေက သူ့အနေအထား၊ သူ့ကဏ္ဍကို ကောင်းကောင်းနားလည်တယ်ဆိုရင် PSG က အခြားအသင်းတွေကို ကောင်းကောင်းနှိပ်ကွပ်နိုင်ပါလိမ့်မယ်” လို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။