လာလီဂါဘောလုံးအဖွဲ့ချုုပ် ဥက္ကဌ ဟာဗီယာတီဘက်စ်က ပြင်သစ်လီဂူးကလပ် PSG အနေနဲ့ ယူအီးအက်ဖ်အေက သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဥ်းစည်းကမ်းတွေကို ဖောက်ဖျက်ထားတယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဒါ့အပြင် သူ့အနေနဲ့လည်း ဒါကို သက်သေပြသွားမယ်လို့ အခိုင်အမာပြောကြားခဲ့တာပါ။ မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့ရပြီး PSG ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဘာစီလိုနာဟာ မက်ဆီကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် နောက်ဆုံးအချိန်ထိ ဘဏ္ဍာရေးပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့တာကြောင့် အခုလိုမျိုး လက်လွှတ်ခဲ့ရတာပါ။ ပြီးခဲ့တဲ့နွေရာသီမှာ မက်ဆီအပြင် ရီးရဲယ်မက်ဒရစ် ဗဟိုနောက်ခံလူအတွဲဖြစ်တဲ့ ရာမို့စ်၊ ဗာရန်းတို့ကလည်း လာလီဂါကို စွန့်ခွာသွားတာကြောင့် ဒီရာသီမှာ လာလီဂါအပေါ် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုက လျော့ကျနေပါတယ်။
လက်ရှိအချိန်မှာ တီဘက်စ်က “ကျွန်တော် PSG ကို ဝေဖန်ရဲပါတယ်။ ဘာကြောင့်လဲဆိုတာ့ သူတို့ရဲ့ လက်ရှိ လူအင်အားအတွက် လစာပေးချေဖို့ ပိုက်ဆံက ဒီအတိုင်း မထွက်လာနိုင်ပါဘူး။ ဒါက ဘောလုံးလောကရဲ့ စီးပွားရေးကို ပုံပျက်စေတဲ့ လုပ်ရပ်ဖြစ်ပြီး သူတို့မှာရထားတဲ့ စပွန်ဆာဝင်ငွေတွေနဲ့ မကိုက်ညီပါဘူး”
“ကျွန်တော့်ကိုပဲ ဝေဖန်ကြတယ်။ ကျွန်တော်မေးတာကို မဖြေကြပါဘူး။ ကျွန်တော် ဒါတွေကို သက်သေအတိအကျနဲ့ ပြနိုင်ပါတယ်။ သူတို့က ဘဏ္ဍာရေးစည်းကမ်းတွေကို ချိုးဖောက်ထားတာပါ။ မက်ဆီနဲ့နေမာနှစ်ယောက်လုံး PSG မှာရှိနေတာကို ကျွန်တော် ဂရုမစိုက်ပါဘူး”
“အဓိကအချက်က သူတို့ကြောင့် ကျန်တဲ့ ဥရောပဘောလုံးလောကကို ထိခိုက်စေပါတယ်။ ဒီလိုမျိုးတွေ ပြောနေတာလည်း ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
မက်ဆီကို မခေါ်ခင်မှာ PSG အနေနဲ့ မက်ဆီရဲ့ လုပ်ခလစာကိုပေးချေနိုင်ဖို့ အသင်းမှာရှိတဲ့ ကစားသမား (၁၀) ယောက်လောက်အထိကို ရောင်းချရမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ PSG က မက်ဆီကို အေးအေးဆေးဆေးနဲ့ပဲ ခေါ်ယူသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။