• Featured

    ခါဘစ်ကိုကျော်လွန်ပြီး တစ်နှစ်တာအကောင်းဆုံး ဖိုက်တာအဖြစ် ရွေးချယ်ခံရတဲ့ အောင်လအန်ဆန်

တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ရွေးချယ်ပေးအပ်တာ ဖြစ်ပါတယ်။

ကမ္ဘာတစ်လွှားက ပရိသတ်တွေကိုယ်တိုင် မဲစနစ်နဲ့ ရွေးချယ်ပေးအပ်ရတဲ့ ဆုဖြစ်ပြီး Fighters Only Magazine က ပေးအပ်ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

image

Fighters Only Magazine က ရွေးချယ်ပေးအပ်ခဲ့တဲ့ International Fighterss Of The Year ဆုကို အောင်လအန်ဆန်က ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။ အောင်လအန်ဆန်အနေနဲ့ ဆန်ကာတင်စာရင်း ၂ ခုမှာ ပါဝင်ခဲ့ပြီး တစ်ခုကတော့ Charles “Mask” Lewis Fighter of the Year  ဆုဖြစ်ပြီး နောက်တစ်ဆုကတော့ International Fighter of the Year ဆုဖြစ်ရာမှာတော့ International Fighter of the Year ဆုအတွက် ရွေးချယ်ခြင်း ခံခဲ့ရတာပါ။

image

အခုလို ရွေးချယ်ခံရတာကတော့ UFC ဖိုက်တာအဖြစ် ကမ္ဘာပေါ်မှာလူသိများကျော်ကြားတဲ့ရုရှားဖိုက်တာ ခါဘစ်ကို ကျော်လွန်ပြီး ရွေးချယ်ခံရတာလည်း ဖြစ်ပါတယ်။ ဆန်ကာတင် စာရင်းမှာ ခါဘစ်နဲ့ အောင်လအန်ဆန်အပါအဝင် အခြား နာမည်ကျော် ဖိုက်တာ ၃ ဦးလည်း ပါဝင်ခဲ့ပေမယ့် အောင်လအန်ဆန်က ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့တာပါ။

ဒီဆုတွေကိုတော့ ကမ္ဘာပေါ်က ပရိသတ်တွေက Vote စနစ်နဲ့ မဲပေးရွေးချယ်ရတာ ဖြစ်ပြီး MMA Fighters တွေ ထဲက တစ်နှစ်တာ အကောင်းဆုံး ဖိုက်တာကို ပရိသတ်တွေက ရွေးချယ်ပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဆုရရှိခဲ့တဲ့ အပေါ်မှာတော့ အောင်လအန်ဆန်က - “ ပထမဆုံး ကျွန်တော့်ကို အချစ်များစွာနဲ့ ကူညီပံ့ပိုးပေးခဲ့တဲ့ ချစ်ဇနီးနဲ့ သူငယ်ချင်းများ၊ လေ့ကျင့်ရေး ဆရာများ၊ ကျွန်တော့်ကို ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားတဲ့ One Championship ပြိုင်ပွဲ၊ မြန်မာပြည်က သန်း ၆၀သော ပရိသတ်တွေက ကမ္ဘာတစ်လွှားက ကျွန်တော့်ကို အားပေးကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ဆိုတဲ့ကာလာက မြန်မာနိုင်ငံရဲ့ သေးငယ်တဲ့ ရွာလေးတစ်ရွာက ကောင်လေးတစ်ယောက်ဟာ အမေရိကန်လိုနိုင်ငံကို ကောလိဂ်တက်ဖို့ လာခဲ့တယ်၊အဲ့နောက် MMA ပညာကိုလေ့လာဆည်းပူးရင်း ၁၄ နှစ်အကြာမှာတော့ အားလုံးရဲ့ ရင်ထဲကို ရောက်နိုင်ခဲ့တယ်။ အခု ဒီညမှာ ကျွန်တော် အားလုံးရဲ့အရှေ့မှာ ရပ်နေနိုင်တဲ့ အဓိပ္ပာယ်ကတော့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့တယ်လို့ ပြောချင်တာပါ။” လို့ အောင်လအန်ဆန်က ဆုပေးပွဲအခမ်းအနားမှာ ပြောသွားပါတယ်။

အောင်လအန်ဆန် အနေနဲ့ ယခုဆုမရရှိခင်မှာလည်း One Championship က စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး အမျိုးသား MMA ဖိုက်တာဆုနဲ့ အကောင်းဆုံးပြိုင်ပွဲဆုတို့ကို ဆွတ်ခူးထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က