မနေ့ညက ကစားခဲ့တဲ့ လက်စတာနဲ့ အဲဗာတန်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာတော့ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်တစ်ယောက် ပြိုင်ဘက်ကစားသမား မက်ဒီဆင်ရဲ့ ပင်နယ်တီကို ကာကွယ်ပြီး အမှန်အကန် အောင်ပွဲခံခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီပွဲမှာ တစ်ဖက်နှစ်ဂိုးစီ သရေနဲ့ ပွဲပြီးဆုံးခဲ့တာပါ။
ပထမပိုင်း ပွဲမပြီးခင်မှာ အချိန်ပို (၈) မိနစ်ကျော်အထိ ရောက်ရှိသွားခဲ့ပြီး ဒီအချိန်အတွင်းမှာ အဲဗာတန်တို့ ပင်နယ်တီ ပေးခဲ့ရပါတယ်။ တစ်နိုင်ငံတည်းသားချင်း မက်ဒီဆင် ကန်သွင်းတဲ့ ဒီပင်နယ်တီက ပစ်ဖို့ဒ် တည့်တည့်ကို ရောက်သွားခဲ့ပြီး ပစ်ဖို့ဒ်ကတော့ ဒီပင်နယ်တီကို ကာကွယ်နိုင်ခဲ့တဲ့နောက် အမှန်အကန် အောင်ပွဲခံခဲ့တာပါ။
ဒါပေမယ့် သူ အောင်ပွဲခံတဲ့အချိန်က အဲဗာတန်တို့ ၂-၁ ဂိုးနဲ့ ဦးဆောင်ခံထားရချိန်ဖြစ်ပြီး ပစ်ဖို့ဒ်ရဲ့ လုပ်ရပ်အပေါ် ပရိသတ်တွေက အံ့အားသင့်စွာ ဝေဖန်နေကြပါတယ်။ အဲဗာတန်ဟာ လက်ရှိမှာ တန်းဆင်းဇုန်ထဲ ရောက်ရှိနေပြီး လက်စတာကလည်း တန်းဆင်းဇုန်ရဲ့ အပေါ် (၁) မှတ်အကွာမှာ ရပ်တည်နေတာပါ။
အဲဗာတန်တို့ ဒုတိယပိုင်းမှာ တိုက်စစ်ကစားသမား အီဝိုဘီရဲ့ သွင်းဂိုးကြောင့် အဝေးကွင်းမှာ သရေတစ်မှတ် ရရှိခဲ့ပေမယ့် အဆင့် (၁၉) ကနေ တက်နိုင်စွမ်းမရှိသေးဘဲ တန်းဆင်းရဖို့ နီးကပ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ပစ်ဖို့ဒ်တစ်ယောက် သူ့အသင်း တန်းဆင်းတော့မှာကို မသိဘဲ ပင်နယ်တီကာကွယ်ပြီး အားရပါးရ အောင်ပွဲခံခဲ့တယ်လို့ ဝေဖန်နေကြတာဖြစ်ပါတယ်။
ဒါ့အပြင် ပစ်ဖို့ဒ်ရဲ့ ရေသန့်ဘူးမှာလည်း အဲဗာတန်ကစားသမားတွေရဲ့ ပင်နယ်တီကန်သွင်းမှု မှတ်တမ်းတွေကို ကပ်ထားခဲ့ပြီး မက်ဒီဆင်က ပင်နယ်တီအားလုံးရဲ့ (၆၀) ရာခိုင်နှုန်းကို အလယ်တည့်တည့် ကန်သွင်းကြောင်း ဖော်ပြထားတာကို ရုပ်သံမှတ်တမ်းတွေက အမိအရ ရိုက်ကူးပြသခဲ့တာကလည်း ဒီပွဲရဲ့ ထူးခြားချက်တစ်ခုဖြစ်ခဲ့ရပါတယ်။