အာဆင်နယ်က ဒီနောက်ပိုင်းပွဲစဥ်တွေမှာ သူတို့အတွက် အတောင့်တင်းဆုံးလို့ ပြောရမယ့် လူစာရင်းကိုပဲ ပွဲထုတ်လာခဲ့တာပါ။ နီလန်းစ် ကွင်းလယ်မှာ ပါဝင်လာခဲ့ပြီး စမစ်ရိုဝီ၊ ဆာကာ၊ အူဘာမီးယန်း၊ လာကာဇက်တို့ ပါဝင်ခဲ့ပါတယ်။

ရာနီရေးရီရဲ့ ဝက်ဖို့ဒ်ကလည်း ဂျိုရှူအာကင်း၊ အစ္စမေလ်လာဆား၊ ဘိုနာဗန်ကျူရာ၊ ဆစ်ဆိုကို၊ ဒန်နီရို့စ်၊ ဘင်ဖော်စတာတို့နဲ့ ၄-၁-၄-၁ ပုံစံခင်းကျင်းလာခဲ့ပါတယ်။ ပွဲစပြီး သိပ်မကြာခင်မှာပဲ အာဆင်နယ်တို့ အဖွင့်ဂိုးရပေမယ့် ဆာကာ လူကျွံနေခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။

အာဆင်နယ်က ပိုသာတယ်ပြောလို့ရပေမယ့် ဝက်ဖို့ဒ်ကလည်း သူတို့လိုချင်တဲ့ပုံစံအတိုင်း ခံစစ်ကိုသေချာပြင်ဆင်၊ ဂျိုရှူအာကင်းကိုတည်ပြီး တန်ပြန်တိုက်စစ်နဲ့ ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ပွဲကစားချိန် (၃၆) မိနစ်မှာ အာဆင်နယ်တို့ ပင်နယ်တီရခဲ့ပေမယ့် ဒီပင်နယ်တီကို အူဘာမီးယန်းကန်သွင်းရာမှာ ဖော်စတာကာကွယ်နိုင်ခဲ့တာကြောင့် အာဆင်နယ်တို့ နစ်နာခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း အာဆင်နယ်ကပဲ ပွဲကို ဆက်လက်စိုးမိုးထားခဲ့ပြီး ဝက်ဖို့ဒ်ကတော့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။ (၅၅) မိနစ်မှာတော့ အာဆင်နယ်တို့ ဦးဆောင်ဂိုးရခဲ့ပြီး ဒီဂိုးကိုတော့ စမစ်ရိုဝီက ဧရိယာအပြင်ကနေ ကန်သွင်းယူသွားခဲ့တာပါ။
အာဆင်နယ်ဦးဆောင်ဂိုးရပြီးတဲ့နောက်ပိုင်းမှာ ဝက်ဖို့ဒ်က တိုက်စစ်ပြန်ဆင်ဖို့ ကြိုးစားလာပေမယ့် ထိရောက်မှုမရှိခဲ့ဘဲ အာဆင်နယ်ရဲ့ တန်ပြန်တိုက်စစ်တွေကသာ ပိုမိုထိရောက်ခဲ့ပါတယ်။ အာဆင်နယ်တို့ နောက်တစ်ဂိုးထပ်ရသေးပေမယ့် ဒဏ်ရာကပြန်လာပြီး လူစားဝင်လာတဲ့ အိုဒီဂတ်ရဲ့ကန်ချက်ကို အူဘာမီးယန်း ထပ်ဆင့်ပိတ်သွင်းရာမှာ လူကျွံနေခဲ့ပြန်ပါတယ်။
ပွဲပြီးခါနီးမှာ ဂျိုရှူအာကင်း ဂိုးလွတ်ကို ထောင့်ကျဥ်းအနေအထားကနေ ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးဘေးကပ်ထွက်ခဲ့တာကြောင့် အာဆင်နယ်တို့ သက်သာရာရခဲ့ပြီး ဘင်ဖော်စတာလည်း လက်စွမ်းပြခဲ့သေးတာကြောင့် စမစ်ရိုဝီရဲ့တစ်လုံးတည်းသောဂိုးနဲ့ အာဆင်နယ်တို့ အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီနိုင်ပွဲကြောင့် ရမှတ် (၂၀) နဲ့ အမှတ်ပေးဇယားအဆင့် (၅) နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက ချဲလ်ဆီးနဲ့ (၆) မှတ်သာ ကွာဟတော့တာလည်းဖြစ်ပါတယ်။
တစ်ချိန်တည်းကစားခဲ့တဲ့ပွဲတွေမှာတော့ စပါးက နည်းပြကွန်တီရဲ့ တစ်ကျော့ပြန် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ အဲဗာတန်နဲ့ ဂိုးမရှိသရေကျခဲ့ပြီး လိဒ်စ်နဲ့လက်စတာပွဲမှာလည်း တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။