ပီအက်စ်ဂျီအသင်းပိုင်ရှင် နာဆာအယ်လ်ခီလိုင်ဖီဟာ မနေ့ညက ရီးရဲယ်မက်ဒရစ်နဲ့ပွဲမှာ အရှုံးကို လက်မခံနိုင်ဘဲ အကြီးအကျယ် ဒေါသပေါက်ကွဲ သောင်းကျန်းခဲ့ပါတယ်။ အယ်လ်ခီလိုင်ဖီနဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုတို့ဟာ ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးတွေရဲ့ အဝတ်လဲခန်းထဲကို ကျူးကျော်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ အမ်ဘာပေရဲ့ဂိုးနဲ့ ပီအက်စ်ဂျီတို့ ပထမပိုင်းမှာ ထပ်မံဦးဆောင်နိုင်ခဲ့တာကြောင့် ကွာတားဖိုင်နယ်တက်ဖို့ သေချာသလောက်ဖြစ်သွားပြီလို့ အားလုံးက ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ရီးရဲယ်မက်ဒရစ်ရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဘန်ဇီမာရဲ့ မှော်ဝင်မှုနဲ့အတူ ရီးရဲယ်မက်ဒရစ်တို့ ၃-၁ ဂိုးနဲ့ ဒုတိယအကျော့ကို အနိုင်ရရှိခဲ့ပါတယ်။

နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် အယ်လ်ခီလိုင်ဖီတယောက် ဘယ်လိုမှစိတ်မထိန်းနိုင်ဘဲ ဒေါသပေါက်ကွဲခဲ့ပါတယ်။ ဘန်ဇီမာ သွင်းယူခဲ့တဲ့ ပထမဂိုးအတွက် ဘန်ဇီမာက ဒွန်နာရမ်မာကို သေချာပေါက် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ အယ်လ်ခီလိုင်ဖီနဲ့ လီယိုနာဒိုတို့က ယုံကြည်နေပါတယ်။
ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကလည်း ဒီဖြစ်ရပ်အတွက် ဒိုင်နဲ့ VAR ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဒိုင်လူကြီးရဲ့ ယူအီးအက်ဖ်အေထံ တင်သွင်းတဲ့ ပွဲအစီရင်ခံစာမှာ အယ်လ်ခီလိုင်ဖီဟာ ဒိုင်လူကြီးတွေရဲ့ အဝတ်လဲခန်းထဲ ဝင်ရောက်လာခဲ့ပြီး ပစ္စည်းအချို့ကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ရီးရဲယ်မက်ဒရစ် ဝန်ထမ်းတယောက်ကလည်း အယ်လ်ခီလိုင်ဖီရဲ့ ဆိုးရွားတဲ့လုပ်ရပ်တွေကို မှတ်တမ်းတင်ရိုက်ကူးထားတယ်လို့ သိရပြီး ဒီဗီဒီယိုမှတ်တမ်းကလည်း ယူအီးအက်ဖ်အေထံ ရောက်ရှိနိုင်ဖွယ်ရှိပါတယ်။ အယ်လ်ခီလိုင်ဖီတယောက် အကြီးအကျယ် ဒေါသပေါက်ကွဲခဲ့ပေမယ့် သူနဲ့အတူပါလာတဲ့ လီယိုနာဒိုကတော့ ဘာမှပြဿနာမရှာခဲ့ဘူးလို့လည်း သိရပါတယ်။
ဒါ့အပြင် ဒီနှစ်ယောက်ဟာ ရီးရဲယ်မက်ဒရစ် ဝန်ထမ်းတယောက်ရဲ့ အခန်းထဲကို မှားယွင်းဝင်ရောက်ခဲ့တယ်လို့လည်း သိရပြီး အဲ့ဒီဝန်ထမ်းက သူတို့အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားတဲ့ ဝန်ထမ်းလို့လည်းဆိုပါတယ်။ နောက်ပိုင်းမှာတော့ ကွင်းလုံခြုံရေးနဲ့အတူ အယ်လ်ခီလိုင်ဖီ၊ လီယိုနာဒိုတို့နှစ်ယောက်ကို ဖျန်ဖြေခဲ့ရပြီး ဒီဖြစ်ရပ်အတွက် သေချာပေါက် စွဲချက်တင်ခံရဖို့ ရှိနေပါတယ်။