• ဘိုင်ယန်နဲ့ဂျူဗင်တို့ကိုပဲနိုင်စားပါကွာဆိုပြီး ဗီလာရီးရဲလ်ကိုအိမ်ခေါ်ဆုံးမလိုက်တဲ့ လီဗာပူး

လီဗာပူးတို့ အိမ်ကွင်းမှာနှစ်ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တာပါ။

ဗီလာရီးရဲလ်အတွက်ကတော့ အန်ဖီးလ်မှာ ဘာမှထူးထူးခြားခြား မလုပ်ပြနိုင်ခဲ့ဘဲ အိပ်မက်ဆိုးမက်ခဲ့ရတာပါ။ လီဗာပူးက တိုက်စစ်၊ ဗီလာရီးရဲလ်က ခံစစ်ကစားမယ်လို့ အားလုံးက တွက်ဆထားတဲ့အတိုင်းပဲ လီဗာပူးကသာ ဗီလာရီးရဲလ်ကို ပွဲချိန်ပြည့်ဆက်တိုက်ဖိအားပေးကစားခဲ့ပါတယ်။ လီဗာပူးက တိုက်စစ်မှာ ဆာလာ၊ မာနေး၊ ဒီယက်ဇ်တို့ ပွဲထွက်လာခဲ့ပြီး ကျန်တဲ့နေရာတွေမှာ အပြောင်းအလဲကြီးကြီးမားမားမားမရှိခဲ့ပါဘူး။

image

ဗီလာရီးရဲလ်ကလည်း ဒန်ဂျူမာကို အထောင်တိုက်စစ်နေရာ ထားကစားခဲ့ပြီး သူ့နောက်က ထောက်ပေးမယ့် ကစားသမားမရှိတာ၊ ချူကွာဇီ ပျောက်နေတာကြောင့်လည်း ဗီလာရီးရဲလ်တိုက်စစ်က အသက်မဲ့ခဲ့ရပါတယ်။ ပထမပိုင်းမှာ ဗီလာရီးရဲလ်နောက်တန်းကနေ ကွင်းလယ်အထိ လီဗာပူးရဲ့ pressing ကို တချက်တချက် ကျော်ထွက်လာတာတွေက ကောင်းပေမယ့် Final Pass အတွက် ကစားသမားကောင်းမရှိခဲ့တာကြောင့်လည်း ဗီလာရီးရဲလ်တို့ အဆိပ်မရှိတဲ့ရေမြွေလိုဖြစ်ခဲ့ရတာပါ။

ပထမပိုင်းမှာ လီဗာပူးက ဒီယက်ဇ်ရဲ့ကန်ချက်တွေကို ရူလီကာကွယ်နိုင်ခဲ့ပြီး သီယာဂိုရဲ့ကန်ချက် တိုင်ထိထွက်ခဲ့တာကလည်း နစ်နာခဲ့ပါတယ်။ ဒါ့အပြင် ဆာလာ၊ မာနေးတို့ရဲ့ ထိုးဖောက်ဂိုးသွင်းမှုတွေကလည်း အရာမထင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာလည်း ပွဲပြန်စတာနဲ့တပြိုင်နက် လီဗာပူးတို့ တိုက်စစ်ဖိဆင်ခဲ့ပါတယ်။

ဖာဘင်ဟိုဂိုးသွင်းခဲ့ပေမယ့် လူကျွံနေခဲ့ပါတယ်။ ဒီပွဲမှာ ဗီလာရီးရဲလ်ရဲ့ Low Block ခံစစ်တန်းကို ဖြတ်ကျော်ဖို့အတွက် လီဗာပူးက သူတို့ရဲ့ထုံးစံအတိုင်းပဲ Lob Pass တွေ၊ Diagonal Pass တွေကို မြိုင်မြိုင်ဆိုင်ဆိုင် အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂိုးမပေးရခင်အထိ ဗီလာရီးရဲလ် ဗဟိုနောက်ခံလူနှစ်ယောက်ဖြစ်တဲ့ အယ်လ်ဘီယို၊ ပါအူတောရက်စ်တို့ ဟာကွက်ကြီးကြီးမားမား မရှိခဲ့တာကြောင့်လည်း လီဗာပူးတို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရတာပါ။

ဂိုးရချင်းရတော့လည်း လီဗာပူးတို့ မထင်မှတ်တဲ့ အနေအထားကနေပဲ ဂိုးရသွားခဲ့ပါတယ်။ ဟန်ဒါဆန်ရဲ့ ဖြတ်တင်ဘောက အက်စတူပီယန်ရဲ့ထိပြီး လမ်းကြောင်းပြောင်းတာကတဆင့် ဂိုးသမားပါ အတွက်အဆလွဲသွားပြီး ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ လီဗာပူးတို့ နောက်ထပ်တဂိုးထပ်ရခဲ့ပြီး အရာအားလုံး အဆင်ပြေသွားခဲ့ပါတယ်။

ဆာလာရဲ့ ထိုးဖောက်မှုကတဆင့် မာနေးက ဂိုးသမားနဲ့အနီးကပ်တယောက်ချင်း အနေအထားမှာ ပိတ်သွင်းနိုင်ခဲ့တာပါ။ ဒီနောက်ပိုင်းမှာလည်း လီဗာပူးက ကစားအားချဖို့ စိတ်မဝင်စားခဲ့ဘဲ တိုက်စစ်ပြီးတိုက်စစ် ဆင်ခဲ့ပါတယ်။ ဒီပွဲမှာ ချီးကျူးရမှာက လီဗာပူးကွင်းလယ်မှာ ပွဲထွက်လာတဲ့ ဟန်ဒါဆန်၊ သီယာဂို၊ ဖာဘင်ဟိုတို့ပါပဲ။

ဗီလာရီးရဲလ်တန်ပြန်တိုက်စစ် ဘယ်လိုမှ ပြန်မစနိုင်အောင် ဇုန်အလိုက်ရော၊ တဦးချင်းအရပါ အကောင်းဆုံး တားဆီးနိုင်ခဲ့ကြပါတယ်။ လီဗာပူးက နောက်ပိုင်းမှာ အခွင့်အရေးအချို့ထပ်ရခဲ့ပေမယ့် ဂိုးမဖြစ်ခဲ့ပါဘူး။  ရော်ဘတ်ဆန်ရဲ့သွင်းဂိုးကလည်း လူကျွံနေခဲ့တာကြောင့် လီဗာပူးတို့ နှစ်ဂိုးနဲ့ပဲ ကျေနပ်ခဲ့ရပြီး ဗိုလ်လုပွဲတက်ရောက်ဖို့ အခြေအနေကောင်းသွားခဲ့ပါပြီ။ 

Share

Loading Next Article...
က္က