ဘာစီလိုနာဥက္ကဌ လာပေါ်တာက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းနဲ့ လမ်းခွဲခဲ့တဲ့ မက်ဆီရဲ့ စာချုပ်ပြဿနာနဲ့ပတ်သက်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာဖြစ်ပြီး စာချုပ်သစ်အတွက်လည်း အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီးမှ ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် နောက်ဆုံးအခြေအနေမှာ ပျက်ပြယ်ခဲ့ရတာပါ။ လာလီဂါဘောလုံးအဖွဲ့ချုပ်ဘက်ကလည်း မက်ဆီတစ်ယောက်တည်းအတွက် သူတို့ သတ်မှတ်ထားတဲ့ စည်းမျဥ်းတွေကို ကင်းလွတ်ခွင့်မပြုဘူးလို့ ဆိုခဲ့ပါတယ်။

မက်ဆီထွက်ခွာသွားတဲ့အပေါ် လက်ရှိအချိန်မှာ လာပေါ်တာက “မက်ဆီနဲ့ပတ်သက်လို့ ကျွန်တော်တို့ စိတ်ဆိုးဒေါသထွက်စရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ မက်ဆီကို အသိအမှတ်ပြုသလို သူ့ကိုလည်း နားလည်သဘောပေါက်လို့ပါ။ သူ အသင်းမှာဆက်နေဖို့ ကြီးမားတဲ့ဆန္ဒရှိခဲ့ပေမယ့် သူ ရရှိတဲ့ ကမ်းလှမ်းမှုတွေအတွက် အများကြီး ဖိအားဖြစ်ခဲ့ပါတယ်”
“PSG ဆီက သူ ကမ်းလှမ်းမှုရတာကို လူတိုင်းသတိထားမိမှာပါ။ နောက်ပြီး အဲ့ဒီကမ်းလှမ်းမှုက အရမ်းကိုကောင်းမွန်တယ်ဆိုတာကိုရောပေါ့။ ကျွန်တော်တို့လည်း ဒါကိုသိခဲ့ပါတယ်။ ကျွန်တော်တို့ နောက်ကြောင်းပြန်စဥ်းစားဖို့ အချိန်မရှိခဲ့ပါဘူး။ ကျွန်တော် ဘာစီလိုနာအတွက် အကောင်းဆုံးလုပ်ပေးနေတယ်လို့ ထင်ပါတယ်။ ဘယ်သူမှတော့ အဲ့ဒီလိုအချိန်မျိုးမှာ စွန့်စားမှာမဟုတ်ပါဘူး”
“ဒါပေမယ့် နောက်ဆုံးမိနစ်မှာတော့ မက်ဆီက သူ အသင်းမှာဆက်နေပြီး လစာမယူဘဲ ကစားပေးမယ်လို့ ပြောလာမလား မျှော်လင့်ခဲ့ပါတယ်။ အဲ့ဒီလိုသာဆိုရင် ကျွန်တော် တော်တော်လေးသဘောကျပြီး လိဂ်ကလည်း လက်ခံပေးမယ်ထင်ပါတယ်။ ဒါပေမယ့် သူ့လိုအဆင့်အတန်းမျိုးနဲ့ ကစားသမားကို ကျွန်တော်တို့ မမေးရက်ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
ဘာစီလိုနာနဲ့မက်ဆီတို့အကြား စာချုပ်သစ်အတွက် ပုဂ္ဂိုလ်ရေးအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီးမှ တကယ်လက်မှတ်ထိုးမယ့်အချိန်မှာ အခုလို ပြဿနာတက်ခဲ့တာပါ။ ဘာစီလိုနာဟာ ဥက္ကဌဟောင်း ဘာတိုမြူရဲ့ ဆိုးမွေတွေကို ဆက်တိုက်ခံစားနေရပြီး လက်ရှိအချိန်အထိ အသင်းရဲ့ကြွေးမြီလက်ကျန်တွေကို ကြိုးစားဖြေရှင်းနေရဆဲလည်းဖြစ်ပါတယ်။