အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာရှိတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ ပေါင်သန်း (၄၀) တန် နေအိမ်ကို သူခိုးတယောက်က ဖေဖော်ဝါရီ (၂၈) မှာ ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။ သူခိုးဟာ အပေါ်ထပ်ပြတင်းပေါက်ကနေ ဒေးဗစ်ဘက်ခမ်းရဲ့ နေအိမ်ထဲကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အိမ်ထဲအရောက်မှာတော့ အဆိုပါသူခိုးဟာ အိပ်ခန်းတခန်းအတွင်းရှိ ဒီဇိုင်နာနဲ့ပတ်သက်တဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူသွားခဲ့ပါတယ်။ ဒီလိုမျိုးဖောက်ထွင်းခံရချိန်မှာ ဒေးဗစ်ဘက်ခမ်း၊ ဗစ်တိုးရီးယားဘက်ခမ်းနဲ့ သမီးဟာပါတို့ နေအိမ်မှာရှိနေပါတယ်။ ဒါပေမယ့် အောက်ထပ်မှာ အနားယူနေကြတဲ့ သူတို့သုံးယောက်လုံး အပေါ်ထပ်မှာ သူခိုးဝင်သွားတာကို သတိမပြုမိခဲ့ကြပါဘူး။

ဒေးဗစ်ဘက်ခမ်းရဲ့ သားတယောက်ဖြစ်တဲ့ အသက် (၁၇) နှစ်အရွယ် ခရုဇ်တယောက် ညဘက်အပြင်ထွက်လည်ပြီး အိမ်ပြန်ရောက်လာချိန်မှ အိမ်ဖောက်ထွင်းခံရတာကို သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ စီစီတီဗီ မှတ်တမ်းတွေအရ မျက်နှာဖုံးစွပ်ထားတဲ့ သူခိုးဟာ ဘက်ခမ်းအိမ်နဲ့ ကပ်လျက် ဆောက်လက်စအဆောက်အအုံကနေ အပေါ်ထပ်ကို တိုက်ရိုက်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
သူခိုးဟာ ပြတင်းပေါက်မှန်ကို ရိုက်ခွဲဝင်ရောက်ကာ လျှပ်စစ်ပစ္စည်းတွေအပါအဝင် ပေါင်ထောင်နဲ့ချီတန်ကြေးရှိတဲ့ ပစ္စည်းတွေကို ခိုးယူသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကလည်း စီစီတီဗီမှတ်တမ်းတွေကို လိုက်လံသိမ်းဆည်းနေပြီး အိမ်နီးချင်းတွေအနေနဲ့လည်း စီစီတီဗီမှတ်တမ်းတွေကို ရဲတပ်ဖွဲ့ဆီ ပေးပို့ပေးဖို့ တောင်းဆိုထားပါတယ်။
အင်္ဂလန်နိုင်ငံမှာ နာမည်ကျော်ဘောလုံးသမားတွေရဲ့ နေအိမ်တွေကို ပစ်မှတ်ထားပြီး ဓားပြတိုက်ခိုးယူမှုတွေက အခုနောက်ပိုင်းမှာ တော်တော်လေး ခပ်စိတ်စိတ်ဖြစ်ပွားလျက်ရှိပါတယ်။ ယူနိုက်တက် ကစားသမားတွေဖြစ်တဲ့ လင်ဒီလော့ဖ်၊ လင်ဂတ်၊ ပေါ့ဘာ၊ တာဟစ်ချောင် (ဘာမင်ဂမ်မှာ အငှားနဲ့ကစားနေ) တို့နဲ့ မန်စီးတီး ကစားသမား ကန်ဆယ်လိုတို့ရဲ့ နေအိမ်တွေကို မျက်နှာဖုံးစွပ် လုယက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။